ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံးတုံ့ပြန်တဲ့အပေါ် လက်မခံဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးက ပြောပါတယ်။
မြန်မာနိုင်ငံတဝန်း လတ်တလောဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေမှာ နေပြည်တော်၊ မန္တလေးနဲ့ တခြားမြို့ကြီးတွေကနေရတဲ့ သတင်းတွေအရ ဆန္ဒပြသူ အများအပြားဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြောင့် ထိခိုက်ဒဏ်ရာရခဲ့ကြပြီး တချို့ကတော့ စိုးရိမ်ဖွယ်ဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် ကုလ ရုံးက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Ola Almgren က “လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ လွတ်လပ်စွာ ဖော်ထုတ်ခွင့်တွေအပါအဝင် အခြေခံလွတ်လပ်ခွင့်တွေနဲ့ လူ့အခွင့်အရေးတွေကို လေးစားဖို့ တောင်းဆိုပါတယ်။ ဆန္ဒပြသူတွေအပေါ် မမျှတတဲ့ အင်အား အသုံးပြုတာကို လက်မခံနိုင်ပါ” လို့ ပြောပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ပြောထားတဲ့အတိုင်း စစ်ဘက်ခေါင်းဆောင်တွေဟာ မြန်မာပြည်သူပြည်သားတွေရဲ့ ဆန္ဒသဘောထားကို လေးစားဖို့နဲ့ ဒီမိုကရေစီစံနှုန်းတွေကို လေးစားလိုက်နာဖို့၊ မတူကွဲပြားမှုတွေကို ငြိမ်းချမ်းစွာ အပြန်အလှန် ဆွေးနွေးညှိနှိုင်းတဲ့ နည်းလမ်းနဲ့ အဖြေရှာဖို့ တိုက်တွန်းလိုက်ကြောင်းကိုလည်း Mr. Almgren က ထပ်ပြောပါတယ်။
ဒီနေ့ မြန်မာနိုင်ငံတဝန်းမှာ အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားနေရာမှာ နေပြည်တော်မှာတော့ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို ရဲတွေက သေနတ်နဲ့ ပစ်လို့ အနည်းဆုံး လူ ၂၀ ကျော်ဒဏ်ရာရသွားပါတယ်။