မန္တလေးတိုင်း မိတ္ထီလာခရိုင် စစ်အာဏာရှင်ဆန်ကျင်ရေး ငြိမ်းချမ်းစွာစီတန်းဆန္ဒပြပွဲမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ သံဃာတော်တွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ဝမ်းတွင်းမှာ အင်အား ၃ သောင်းကျော်၊ မိတ္ထီလာမှာ ၅ သောင်းကျော်၊ မလှိူင်မှာ ၁ သောင်းကျော်၊ သာစည်မှာ ၁ သောင်းကျော်၊ ၄ မြို့နယ်ပေါင်း အင်အား သိန်းချီ ဆန္ဒပြခဲ့ပါတယ်။
မနက် ၉ နာရီလောက်ကစတင် ဆန္ဒပြခဲ့ပြီး နေ့လယ် ၁ နာရီလောက်မှာ ပြီးဆုံးခဲ့ပါတယ်။
ပညာရေးဝန်ထမ်းတစ်ဦးက "တပ်မတော်ကို ဆန္ဒပြတာမဟုတ်ဘူး။ အာဏာကို မတရား ရယူထားတဲ့ လက်တဆုပ်စာ စစ်အာဏာရှင်ကို ဆန္ဒပြတာပါ။ ဓမ္မအတွက် ဆန္ဒပြတာပါ အဓမ္မသမားတွေ တရားမဲ့ အာဏာရယူခြင်းကို ထောက်ပြနေတာပါ" လို့ ပြောပါတယ်။
ကျန်းမာရေးဝန်ထမ်းတစ်ဦးက "ပြည်သူဝန်ထမ်းပါ ပြည်သူပေးတဲ့ လစာစားနေတာပါ၊ ပြည်သူနဲ့ တသားတည်းရှိကြောင်းပြတာပါ" လို့ ပြောပါတယ်။
စစ်အာဏာရှင် ဆန်ကျင်ရေး၊ ဖမ်းဆီးထားတဲ့ ခေါင်းဆောင်များ လွှတ်ပေးရေး၊ ပြည်သူ့ဝန်ထမ်း ပြည်သူ့ဝန်ထမ်း၊ အမေစုကျန်းမာပါစေ စစ်အာဏာရှင်အလိုမရှိ စတဲ့ ကြွေကြော်သံတွေနဲ့ ဆန္ဒပြပါတယ်။
၄ မြို့နယ်က ဆန္ဒပြပွဲမှာ သံဃာတော်တွေ၊ ပညာရေးဝန်းထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ စက်ရုံအလုပ်ရုံအလုပ်သမားတွေ၊ အခြားဌာနဆိုင်ရာတွေ၊ ကျေးလက်ပြည်သူတွေ ပူးပေါင်းပြီး ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေကို မြို့ပေါ်ပြည်သူတွေက အချိုရည်ဘူး၊ ရေသန့်ဘူး၊ သစ်သီး၊ မုန့်နဲ့ ထမင်းထုပ်တွေ ပေးဝေပြီး လက်ခုပ်တီးအားပေးဝန်းရံကြပါတယ်။
သတင်း၊ ဓာတ်ပုံ - မောင်မောင်လင်း