မန္တလေးမြို့မှာ ဆန္ဒပြပွဲသတင်းယူနေတဲ့ ဒီဗွီဘီသတင်းဌာနရဲ့ မန္တလေးအခြေစိုက် အပုဒ်စား သတင်းထောက်တစ်ယောက်ဖြစ်တဲ့ ကိုဘကြီးအောင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားပြီးနောက် အချုပ်ကားပေါ်ကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။
ဖေဖော်ဝါရီ ၉ ရက် ဒီနေ့မနက် ၁၁ နာရီခွဲလောက်က မန္တလေးမြို့ ဒေါ်အောင်ဆန်းစုကြည်လမ်းပေါ်မှာ ဆန္ဒပြနေသူ ၃၀ လောက်နဲ့အတူ သတင်းထောက်ကိုဘကြီးအောင်ကို ရဲတပ်ဖွဲ့က အချုပ်ကားပေါ်တင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။
ဒီနေ့ မွန်းတည့် ၁၂ နာရီခွဲကျော်ကျော်လောက်မှာတော့ ၂၆ လမ်း၊ လမ်း ၃၀ မြို့ပတ်လမ်းထောင့်မှာ အချုပ်ကားထဲကနေ ပြန်လွှတ်ပေးခဲ့တယ်လို့ သတင်းထောက် ကိုဘကြီးအောင်က ပြောပါတယ်။
“သတင်းထောက်တွေက ဝိုင်းတောင်းဆိုတာတွေရော၊ မီဒီယာတွေက ဝိုင်းတောင်းဆိုတာတွေ ကြောင့်မလို့ပေါ့။ သတင်းထောက်ပါလား။ ပါလားဆိုပြီးတော့ ပါရင်ဆင်းဦးဆိုပြီး ကျနော့်ကို ဓာတ်ပုံတွေဘာတွေ ရိုက်ပြီးတော့ ပြန်လွှတ်ပေးလိုက်တာ၊ ”
သူနဲ့အတူ အချုပ်ကားတစ်စီးထဲ ဖမ်းဆီးခံထားရသူတွေထဲက အရပ်သား ၁၈ ယောက်ကို ဆက်လက်ဖမ်းဆီးထားပြီး ၁၉ ယောက်ကိုတော့ တခြားအချုပ်ကားပြောင်းပြီး ဆက်လက်ဖမ်းဆီး ထားတယ်လို့ ဆိုပါတယ်။
ဒီကနေ့မနက် မန္တလေးမြို့မှာ အချုပ်ကား ၈ စီးလောက်နဲ့ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ဆန္ဒပြသူ ခန့်မှန်း ၁၈၀ ဝန်းကျင်လောက်ရှိနိုင်ပြီး ဖမ်းဆီးခံရသူ အများစုက လူငယ်တွေဖြစ်တယ်လို့သိရပါတယ်။