စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်နဲ့ လူ ၅ ယောက်ထက်ပိုမစုရအမိန့်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ ဖေဖော်ဝါရီ ၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
လူတစ်စုက အများပြည်သူလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေဖို့ ဆောင်ရွက်နေတာကို စိုးရိမ်ဖွယ်တွေ့နေရတဲ့အတွက် ရုန်းရင်းဆန်ခတ်ဖြစ်ပွားလာနိုင်တာကြောင့် စုဝေးဟောပြောတာ၊ စီတန်းလှည့်လည်တာ၊ ဆန္ဒပြတာတွေကို မလုပ်ကြဖို့ တားမြစ်ကြောင်းပါရှိပါတယ်။
ဒါ့အပြင် လူ ၅ ဦးထက်ပိုပြီး မစုဝေးကြဖို့နဲ့ ည ၈ နာရီကနေ မနက် ၄ နာရီထိ မထွက်ကြဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မုံရွာမြို့က တက်ကြွလှုပ်ရှားသူတစ်ဦးကလည်း "ဒါက လူဖမ်းပွဲလုပ်ချင်လို့ ထုတ်တာပေါ့။ သေချာတာက အာဏာရှင်တွေ အဆက်ဆက် ကျင့်သုံးခဲ့တဲ့ နည်းလမ်းဟောင်းပဲလေ။ ဒီအတွက် ဦးဆောင်နေတဲ့ လူငယ်တွေ အဖမ်းမခံရရေး ဆောင်ရွက်ဖို့လိုတယ်။ အာဏာရှင်တိုက်ပွဲက အခုမှစတာ။ ဘယ်တော့ပြီးဆုံးမယ်မသိရသေးဘူး။ ဆိုတော့ လုံခြုံရေးလည်း ဂရုစိုက်။ လုပ်စရာရှိတာလည်း ဆက်လုပ်ကြပေါ့။"လို့ပြောပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို မုံရွာမြို့မှာ ဖေဖော်ဝါရီ ၆ ရက်နေ့ကတည်းက ပြုလုပ်နေကြတာဖြစ်ပြီး တစ်ရက်ထက် တစ်ရက် ပါဝင်လာတဲ့လူဦးရေကလည်း သိန်းဂဏန်းထိ ရှိလာနေပြီဖြစ်ကာ အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု အရှိန်မြင့်တက်လာနေပါတယ်။
အောင်ကိုလတ်