၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေက ဖေဖော်ဝါရီ ၇ ရက်နေ့မှာ တိုင်းလွှတ်တော် စတင်ခေါ်ယူကျင်းပပါတယ်။
ဒီလွှတ်တော်အစည်းအအဝေးကို မုံရွာမြို့နဲ့အနီးတဝိုက်အပြင် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေတဲ့ မြို့နယ်တွေက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၃၂ ဦး တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေထဲက ကတိသစ္စာပြုလွှာမှာ လက်မှတ်ရေးထိုး ကတိပြုခဲ့ကြပြီး အဝေးကလွှတ်တော်ကိုယ်စားလှယ်တွေကလည်း တယ်လီဖုန်းနဲ့ ကတိသစ္စာပြုခဲ့ကြပါတယ်။
ဒါ့အပြင် တက်ရောက်လာသူတွေထဲက တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representative Sagaing Region Hluttaw (CRSH) ကိုလည်း ဖွဲ့စည်းခဲ့ကြပါတယ်။
ကော်မတီအနေနဲ့ ပါတီဗဟို၊ ပြည်ထောင်စု၊ တိုင်းကော်မတီ၊ အရပ်ဘက်အဖွဲ့အစည်းတွေအကြား ညှိနှိုင်းချိတ်ဆက်ရေး၊ အချက်အချာကျပြီး လုံခြုံစိတ်ချရတဲ့ နေရာတွေမှာ နေ့စဉ်လုပ်ငန်းဆောင်ရွက်ရေး၊ လိုအပ်တဲ့ ဆပ်ကော်မတီတွေ ထပ်မံဖွဲ့စည်းရေးတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီနေ့ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးကနေ စစ်အာဏာသိမ်းအဖွဲ့က ဖွဲ့စည်းတဲ့ ဘယ်အဖွဲ့အစည်းကိုမှ အသိအမှတ်မပြုတဲ့အပြင် ဖွဲ့ထားတဲ့ အဖွဲ့အားလုံး တရားမဝင်ကြောင်း ပါဝင်တဲ့ ကြေညာချက် ၈ ချက်ကိုလည်း ထုတ်ပြန်ခဲ့ပါသေးတယ်။
ဓာတ်ပုံ - အောင်ကိုလတ်