အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်က ကျောင်းသား ကျောင်းသူတွေဟာ အာဏာသိမ်းစစ်အစိုးရအား အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) ပြုလုပ်ပြီး ကျောင်းဆက်တက်ကြမှာ မဟုတ်ဘူးလို့ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် ကျောင်းသားသမဂ္ဂက ထုတ်ပြန်ပါတယ်။
မေဂျာအလိုက် ကျောင်းသား ကျောင်းသူများရဲ့ သဘောထားကို စစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး အများစုရဲ့ သဘောတူညီချက်နဲ့ စစ်အစိုးရရဲ့ ပညာရေးစနစ်ကို သပိတ်မှောက်ကြောင်း ထုတ်ပြန်ကြေညာတာလို့ သမဂ္ဂရဲ့ ဒုဥက္ကဋ္ဌ ကိုအံ့ဘုန်းက ပြောပါတယ်။
လူထုရွေးကောက်ခံ ပြည်သူ့အစိုးရကို အတင်းအကျပ်အာဏာသိမ်းတဲ့ စစ်အစိုးရရဲ့ ပညာရေးစနစ်ကို လုံးဝအယုံအကြည်မရှိလို့ ကျောင်းဆက်မတက်ဘဲ ကျောင်းသား/သူများ ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြကြတာလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ ရွေးကောက်ခံအစိုးရကိုသာ အသိအမှတ်ပြုမှာဖြစ်ပြီး လက်ရှိအာဏာသိမ်းထားတဲ့ အစိုးရကို အသိအမှတ်မပြုဘူးလို့ ကျောင်းသား ကျောင်းသူတွေက ပြောပါတယ်။
ဒါ့အပြင် ဖမ်းဆီးထားတဲ့ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှာ စီးပွားရေးလုပ်ငန်းသုံးစီမံခန့်ခွဲမှုပညာ၊ လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာ၊ ခရီးသွားလုပ်ငန်းနှင့်ဧည့်ဝန်ဆောင်စီမံခန့်ခွဲမှုအတတ်ပညာနဲ့ သတင်းအတတ်ပညာ ဘာသာရပ် ၄ မျိုးနဲ့ ဖွင့်လှစ်သင်ကြားနေတာပါ။