အာဏာသိမ်း စစ်အစိုးရလက်အောက်မှာ အလုပ်မလိုချင်ဘူးဆိုတဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ မော်လမြိုင် တက္ကသိုလ်နဲ့ မော်လမြိုင် နည်းပညာ တက္ကသိုလ်က ဆရာ၊ဆရာတွေလည်း ပါဝင်လာပါတယ်။
အာဏာသိမ်း စစ်အစိုးရလက်အောက်မှာ အလုပ်လုပ်မချင်ဘဲ မဲပေးရွေးချယ်ထားတဲ့ NLD အစိုးရလက်အောက်မှာပဲ အလုပ်လုပ်မယ်ဆိုတဲ့ Civil disobedience လို့ ခေါ်တဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုကို တိုင်းနဲ့ပြည်နယ် အသီးသီးမှာ လုပ်ဆောင်လာတာပါ။
ဒီအာဏာဖီဆန်ရေး လှုပ်ရှားမှုကိုတော့ မော်လမြိုင် တက္ကသိုလ်နဲ့ မော်လမြိုင် နည်းပညာ တက္ကသိုလ်က ဆရာ၊ ဆရာတွေက ဖေဖော်ဝါရီ ၅ ရက်နေ့မှာ စတင် ပါဝင်လာတာပါ။
မော်လမြိုင်နည်းပညာတက္ကသိုလ်ဆရာတဦးက "ကျနော်တို့ ဆရာ၊ ဆရာမတွေရဲ့ သဘောထားက စစ်အစိုးရကို မကြိုက်ဘူး၊ ကျနော်တို့ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကိုပဲ ထောက်ခံတယ်။ ဒါကြောင့် ဒီလှုပ်ရှားမှုကိုလုပ်တာ" လို့ ပြောပါတယ်။
အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဆရာ၊ ဆရာမတွေကတော့ မဲပေးရွေးချယ်ထားတဲ့ NLD အစိုးရ အာဏာရလာတဲ့အထိ ဒီလှုပ်ရှားမှုတွေကို သက်ဆိုင်ရာ ဌာနတွေနဲ့ တက္ကသိုလ်တွေ ပူပေါင်းပြီး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဒါအပြင် အာဏာသိမ်း စစ်အစိုးရအနေနဲ့ အခုလို လှုပ်ရှားမှုကြောင့် ဆရာ၊ ဆရာမတွေအပေါ် ဖိနှိပ်လာမယ်ဆိုရင် ရှေ့ဆက်လုပ်ဆောင်ဦးမှာ ဖြစ်သလို နောက်ဆုတ်သွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
မော်လမြိုင် နည်းတက္ကသိုလ် ကထိက ဆရာမတဦးက “အာဏာသိမ်းတဲ့ ကိစ္စကို လုံးဝ လက်မခံနိုင်ဘူး၊ ဆက်တိုက်လည်း ပါဝင်သွားမယ်။ ဒီလှုပ်ရှားမှုက ရှေ့ဆက်ပြီး တိုးလာဖို့ပဲ ရှိတယ်၊ နောက်ဆုတ်သွားမှာ မဟုတ်ဘူး” လို့ ပြောပါတယ်။
မော်လမြိုင်နည်းပညာတက္ကသိုလ်မှာ လုပ်တဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ တက္ကသိုလ်ကျောင်းသား သမဂ္ဂတွေလည်း ဝန်းရံခဲ့သလို ဆရာ၊ ဆရာမတွေကို ဖိအားပေးတာတွေ မလုပ်ဖို့ ကျောင်းသားတွေက တိုက်တွန်းခဲ့ပါတယ်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု ဦးဆောင် ကျောင်းသား တစ်ဦး "ကျနော်တို့ ကျောင်းသာတွေအနေနဲ့ အာဏာသိမ်းတာ လက်မခံဘူး။ အခုလို ဆရာဆရာမတွေ လုပ်နေတဲ့ လှုပ်ရှားမှုတွေကို ဖိအားပေးတာတွေ မလုပ်ဖို့ တိုက်တွန်းချင်တယ်” လို့ ပြောပါတယ်။
အာဏာသိမ်း စစ်အစိုးရလက်အောက်မှာ အလုပ်လုပ် မချင်ဘူးဆိုတဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုကိုတော့ မွန်ပြည်နယ်မှာ ကျန်းမာရေး ဝန်ထမ်းတွေက စတင်ခဲ့တာ ဖြစ်ပြီး အခုဆိုရင် တက္ကသိုလ် ဆရာ၊ ဆရာမတွေအပြင် ဌာနဆိုင်ရာတချို့ပါ စတင် ပါဝင်လာပါတယ်။