အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience) မှာ နိုင်ငံတဝန်း ဆေးရုံပေါင်း ၁၀၀ လောက်က ကျန်းမာရေးဝန်ထမ်းတွေ ပါဝင်လာပြီလို့ ကူညီပေးနေတဲ့ ဆရာဝန်တယောက်က ပြောပါတယ်။
စစ်အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ စစ်အစိုးရလက်အောက်မှာ အလုပ်မသွားဘဲ ဆန့်ကျင်ဆန္ဒပြနေကြတာပါ။
“စာရင်းကတော့ အချိန်နဲ့အမျှ တက်လာနေပါတယ်။ နောက်ဆုံးသိရသလောက် ဆေးရုံ ၁၀၀ လောက် ဖြစ်လာပါပြီ” လို့ ဒီလှုပ်ရှားမှုကို ချိတ်ဆက်ကူညီပေးနေတဲ့ ဆရာဝန်က ပြောပါတယ်။
အနယ်နယ်အရပ်ရပ်က ဆေးရုံတော်တော်များများ ပါဝင်လာနေကြပြီး ဝေဘာဂီအထူးကုဆေးရုံကြီး၊ မန္တလေး ခုတင် ၃၀၀ ကလေးဆေးရုံ၊ အထွေထွေရောဂါကုဆေးရုံကြီး၊ ရန်ကုန်အထွေထွေရောကု ဆေးရုံသစ်ကြီး၊ နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီး၊ မန္တလေး ခုတင် ၁၅၀၀ အထွေထွေရောဂါကုဆေးရုံကြီး၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန စတာတွေပါဝင်ပါတယ်။
ဒီလှုပ်ရှားမှုကို ချိတ်ဆက်ကူညီပေးနေတဲ့ ဆရာဝန်က “ဆေးရုံတွေမှာ အရေးပေါ်အတွက် ဆရာဝန်တွေရှိပါတယ်။ ကျနော်တို့လည်း ထုတ်ပြန်ပေးထားပါတယ်။ ဒီလှုပ်ရှားမှုမှာ ပြည်သူတွေလည်း ပူးပေါင်းပါဝင်ကြဖို့ ပြောချင်ပါတယ်။ ပြီးတော့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကြဖို့ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။
ဆေးလောကဝန်ထမ်းတွေကတဆင့် တခြားအစိုးရဝန်ထမ်းတွေလည်း လှုပ်ရှားမှုမှာပါဝင်ပြီး အထွေထွေသပိတ်ဖြစ်ပေါ်လာစေဖို့ ဦးတည်တယ်လို့ လှုပ်ရှားမှုသတင်းတွေ ဖော်ပြပေးနေတဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ ဖော်ပြပေးထားပါတယ်။
ကိုဗစ်-၁၉ ကပ်ဘေးမှာ ပြည်သူ့ဆေးရုံတွေကိုပဲ မှီခိုအားထားရတဲ့ အခြေခံလူတန်းစား ရဟန်းရှင်လူပြည်သူတွေရဲ့ ဘဝကို နားလည်သလို စစ်အာဏာရှင်စနစ်အောက်ကို တိုင်းပြည်ရောက်သွားရင် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာ အခုထက်ပိုပြီး ဆိုးရွားဖို့ပဲ ရှိတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ရေရှည်အကျိုးကို မျှော်ကိုးပြီး ဒီလှုပ်ရှားမှုမှာ ပါဝင်ရတာဖြစ်တာကို သိစေလိုပြီး ရေတို အဆင်မပြေတာတွေကို ပြည်သူတွေအနေနဲ့ သည်းခံပေးဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
အရေးပေါ်ကျန်းမာရေးအခြေအနေတွေကို ပြည်သူ့ဆေးရုံတွေမှာ ဆက်လက်ကုသပေးမှာ ဖြစ်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှုကာလအတွင်း ပြည်သူတွေရဲ့ ကျန်းမာရေးကိစ္စတွေအတွက် ဆက်သွယ်အကူအညီတောင်းနိုင်ဖို့ ကွန်ရက်တွေကိုလည်း ဖွဲ့စည်းသွားမယ်လို့ ဆိုပါတယ်။