မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး အရေးပေါ် အခြေအနေ ထုတ်ပြန်ထားတာကို ချက်ချင်း အဆုံးသတ်ဖို့နဲ့ အရပ်သား အစိုးရ ပြန်ဖွဲ့စည်းဖို့ ဥရောပသမဂ္ဂ (အီးယူ) က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုကို ဥရောပသမဂ္ဂက အပြင်းထန်ဆုံး ပြစ်တင်ရှုတ်ချလိုက်ပြီး မြန်မာပြည်သူတို့ရဲ့ ဆန္ဒကို ဖိအားသုံး ပြောင်းပြန်လှန်ဖို့ ကြိုးစားမှုဟာ လက်သင့်မခံနိုင်တဲ့ လုပ်ရပ်သာဖြစ်တယ်လို့လည်း ဥရောပသမဂ္ဂ ကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်က ဖေဖော်ဝါရီ ၂ရက်မှာ ထုတ်ပြန်တောင်းဆိုလိုက်တာပါ။
သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံနဲ့ ဖမ်းဆီးထိန်းသိမ်းခံ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့၊ အဆုံးစွန်ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့၊ ဆက်သွယ်ရေး ပြန်ဖွင့်ပေးဖို့၊ လူ့အခွင့်အရေး၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ အခြေခံ လွတ်လပ်ခွင့်နဲ့ ဥပဒေ စိုးမိုးရေးကို လေးစားဖို့လည်း တိုက်တွန်းပါတယ်။
ဒါ့အပြင် အသစ်ရွေးကောက်တင်မြှောက်ခံ လွှတ်တော်ကို ခေါ်ယူဖွင့်လှစ်ကျင်းပဖို့နဲ့ သမ္မတ ဒုသမ္မတတွေနဲ့ အစိုးရအသစ်ကို ခန့်အပ်ရေး လုပ်ငန်းစဉ်တွေ ရှေ့တိုးလုပ်ဆောင်ဖို့ ကိုလည်း ဆော်သြလိုက်ပါတယ်။
၂၀၂၀ နိုဝင်ဘာ ၈ ရက်မှာ ကျင်းပတဲ့ အထွေထွေ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ် လုပ်ငန်းစဉ် အတွင်း မြန်မာပြည်သူတွေဟာ သူတို့ရဲ့ အားကောင်းခိုင်မာတဲ့ ယုံကြည်ချက်တွေကို များပြားတဲ့ မဲထွက်ပေးသူ ပမာဏနဲ့ သက်သေပြခဲ့ကြပြီး ပြည်သူ့ ရွေးချယ်မှုကို အင်အားသုံး ပြောင်းလဲတာဟာ တရားမဝင်သလို ဒီမိုကရေစီ စည်းမျဉ်းတွေနဲ့ ဆန့်ကျင်ပြီး တိုင်းပြည်ကို နောက်ကြောင်းပြန်လှည့် စေမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံသားတွေရဲ့ ဘေးကင်းရေး သေချာစေဖို့ မျှော်လင့်ပြီး ဒီမိုကရေစီ အောင်နိုင်ရေး သေချာစေဖို့ နည်းလမ်းအားလုံးကို စဉ်းစားလုပ်ဆောင်သွားမယ်လို့လည်း အီးယူ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။