စစ်အာဏာသိမ်းတာကို ကန့်ကွက်တဲ့အနေနဲ့ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ မြန်မာနိုင်ငံသားတွေ ဒီနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံ၊ စာတန်း၊ ပိုစတာတွေ ကိုင်ဆောင်ပြီး နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။
ဆန္ဒပြပွဲ စီစဉ်သူ ဒေါက်တာသိန်းမိုးဝင်းက “ကျနော်တို့ မြန်မာစစ်တပ်အာဏာသိမ်းတာကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ကျနော်တို့ဟာ ရွေးကောက်ခံအန်အယ်လ်ဒီအစိုးရနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုပဲ အသိအမှတ်ပြုပါတယ်။ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်” လို့ ပြောသွားပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ တရားဥပဒေနဲ့ ဒီမိုကရေစီစံနှုန်းတွေကို လိုက်နာကျင့်သုံးဖို့လည်း တိုက်တွန်းလိုက်ပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို စစ်တပ်အနေနဲ့ အပြည့်အဝ လေးစားလိုက်နာစေလိုကြောင်း၊ စစ်တပ်အကျိုးစီးပွားကို ကာကွယ်နေခြင်းကို ရပ်တန့်ဖို့လည်း ဒေါက်တာ သိန်းမိုးဝင်းက ပြောပါတယ်။
“ဘာကြောင့်လဲဆိုတော့ တနိုင်ငံလုံးမှာ ဒီမိုကရေစီကူးပြောင်းရေးဟာ ရှေ့ဆက်သွားနေတာဖြစ်လို့ ခုလုပ်ရပ်ဟာ သုညအဆင့်ကိုပြန်ရောက်သွားရပါပြီ။ ဒါကြောင့် တကမ္ဘာလုံးကို ကျနော်တို့နဲ့ပူးပေါင်းပြီးတော့ ဒီဥပဒေမဲ့ တရားမဝင် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ရှုတ်ချပေး” ဖို့ တောင်းဆိုသွားပါတယ်။
ဩစတြေးလျဝန်ကြီးချုပ် စကော့ထ် မောရစ်ဆင်ကတော့ မြန်မာနိုင်ငံက စစ်တပ်အာဏာသိမ်းမှု သတင်းတွေဟာ ဖွံ့ဖြိုးတိုးတက်မှုတွေကို နှောင့်နှေးစေတယ်လို့ ဖေဖော်ဝါရီ ၁ ရက်မှာ ပြောကြားခဲ့ပါတယ်။