နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ကို တာဝန်ကရပ်စဲပြီး ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်နဲ့ ပြည်ထောင်စုဝန်ကြီး ၂ ယောက်ကိုလည်း ခန့်ထားလိုက်ပါတယ်။
မနေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ ၁၁ ယောက်ပါ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းပြီး အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အမိန့်တွေ ဆက်တိုက် ထုတ်ပြန်ခဲ့တာပါ။
ပထမဆုံးအနေနဲ့ ဒေါက်တာ ဒေါ်သီတာဦးကို ပြည်ထောင်စုရှေ့နေချုပ်အဖြစ် တာဝန်ပေးပြီး ဒေါက်တာကံဇော်ကို ပြည်ထောင်စု စာရင်းစစ်ချုပ်အဖြစ်တာဝန်ပေးပါတယ်။
ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်ကို တာဝန်က ရပ်စဲပြီး ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးကိုတော့ အငြိမ်းစားပေးပါတယ်။
ပြည်ထဲရေး ဒု ဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒု ဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ပေးပြီး ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်ကို ပြည်ထဲရေး ဒု ဝန်ကြီးနဲ့ ရဲချုပ်အဖြစ် တာဝန်ပေးပါတယ်။
ပြီးတော့ ဦးသိန်းစိုး ဦးဆောင်တဲ့ ၆ ယောက်ပါ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကိုဖွဲ့စည်းခန့်အပ်ပြီး ဦးသန်းညိန်းကို ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ပါတယ်။ ရှိပြီးသား ဗဟိုဘဏ် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို တာဝန်က ရပ်စဲတယ်ဆိုတာကိုတော့ ထုတ်ပြန်တာ မတွေ့ရပါဘူး။
သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးအဖြစ် ဦးခင်မောင်ရီ၊ ဆောက်လုပ်ရေးဝန်ကြီးအဖြစ် ဦးရွှေလေးကို ခန့်အပ်ပါတယ်။
ပြီးတော့ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်နဲ့ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ ဒေသတွေအတွက် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတွေကို ခန့်အပ်ပါတယ်။
ဒေါက်တာ မောင်မောင်နိုင်ကို နေပြည်တော်ကောင်စီဥက္ကဋ္ဌအဖြစ် တာဝန်ပေးပြီး ရန်ကုန်နဲ့ ဧရာဝတီတိုင်းကလွဲလို့ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေအတွက် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တွေကို ခန့်အပ်ပါတယ်။
ဒီနေ့မှာတော့ နေပြည်တော် ဒု မြို့တော်ဝန်နဲ့ အဖွဲ့ဝင်တွေကို တာဝန်က ရပ်စဲတယ်လို့ ထုတ်ပြန်ပြီး ဒီကြေညာချက်တွေကို အမိန့်အရဆိုပြီး အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ထုတ်ပြန်နေတာပါ။