Home
မြန်မာသတင်း
ရခိုင်ပြည်နယ် မြို့နယ်အားလုံး 4G အင်တာနက် ပြန်ရ
DVB
·
February 3, 2021
144611437_468161250872940_2767332230030633028_o

ရခိုင်ပြည်နယ်အတွင်း အင်တာနက် 2G သာဖွင့်ပေးထားတဲ့ မြို့နယ်တွေမှာ 4G အင်တာနက်လိုင်း ပြန်ရပြီလို့ သိရပါတယ်။

ရသေ့တောင်နဲ့ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်က "4G အပြည့်ပြန်ရပါပြီ။ မြောက်ဦးမြို့နယ်မှာတော ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက အစမ်းရတယ်လို့ သိရတယ်။ ရသေ့တောင်နဲ့ပုဏ္ဏားကျွန်းကတော့ မနေ့ညက ရတယ်။" လို့ ပြောပါတယ်။

ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တွေမှာတော့ ဖေဖော်ဝါရီ ၂ ရက်နေ့ ည ၁၂ နာရီလောက်မှာ 4G အင်တာနက် ပြန်ရတာလို့ သိရပါတယ်။

ဘူးသီးတောင်မြို့နယ် စျေးသည် ကိုညီညီတိုးက "အင်တာနက်ပိတ်ထားတော့ ပစ္စည်းတွေ ယူရာမှာ အတော်ဒုက္ခရောက်ခဲ့ရတယ်။ 2G ပြန်ဖွင့်ပေးရင်လည်း ဘာမှကိုသုံးမရခဲ့ဘူး။ အခုလို 4G အင်တာနက်အပြည့်ဖွင့်ပေးတာ ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။

အင်တာနက်ပိတ်ထားခဲ့သည့်  ရခိုင်ပြည်နယ်  မြို့နယ် ၇ ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၁ ရက်နေ့ ည ၁၀ နာရီမှစပြီး 2G Network သာ ရရှိကြတဲ့အတွက် အင်တာနက်လုံးဝ အသုံးပြုမရဖြစ်နေတာပါ။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေပြင်းထန်တဲ့အတွက် လုံခြုံရေးအကြောင်းပြကာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြားနဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်တို့ကို ၂၀၁၉ ခုနှစ် ဇွန် ၂၁ ရက်နေ့က ကြိုတင်အသိမပေးဘဲ အင်တာနက်ဖြတ်တောက်ခဲ့တာပါ။

ဒီနောက် ၂၀၁၉ စက်တင်ဘာလ ၁ ရက်နေ့မှာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနဲ့ ပလက်ဝ မြို့နယ်တို့ကို အင်တာနက်ပြန်ဖွင့်ပေးခဲ့ပေမယ့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ထပ်မံဖြတ်တောက်ထားခဲ့တာပါ။

၂၀၂ ပြည့်နှစ် မေလ ၂ ရက်နေ့မှာ မောင်တောမြို့နယ်တစ်မြို့တည်းကိုသာ အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးခဲ့ပြီး ကျန်မြို့နယ်တွေကို 2G သာပြန်ဖွင့်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

ပိတ်ထားတဲ့ အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးဖို့ တောင်းဆိုခဲ့သူအချို့ တရားစွဲဆိုခံရတာတွေလည်း ရှိခဲ့ပါသေးတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်မက အာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၂ ရက်နေ့ ညမှာ အင်တာနက်လိုင်းအားလုံး ပြန်ဖွင့်ပေးလိုက်တာပါ။

သတင်း - လင်းလက်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024