မုံရွာမြို့မှာ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ညောင်ပင်ကြီးဘက်ကို ပြေးဆွဲနေတဲ့ ကူးတို့ဆိပ်ကမ်းနေရာ ၃ နေရာအနက် ဇန်နဝါရီ ၃၀ ရက်နေ့ကစတင်ပြီး ၁ နေရာတည်းသာ သတ်မှတ်ပြေးဆွဲတာကြောင့် အခက်ခဲဖြစ်စေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မုံရွာမြို့မှာ ကိုဗစ်ရောဂါပိုး ကူးစက်မှု ထိန်းချုပ်နိုင်ဖို့အတွက် ဇန်နဝါရီ ၃၀ ရက်နေ့ကစပြီး ရွှေလွန်းပျံဇက်ကူးတို့နေရာ ၁ နေရာတည်းကနေသာ သွားလာဖို့ သတ်မှတ်လိုက်တာလို့ သိရပါတယ်။
မုံရွာမြို့ ဒေသခံဦးတင်အေးက “မုံရွာ ကူးတို့ဆိပ်နေရာ ၃ ခုကနေ နေ့စဉ် ကူးသန်းသွားလာနေတဲ့ အလုပ်လုပ်ကိုင်သူတွေ၊ ဈေးသည်တွေ၊ ဝန်ထမ်းတွေ အများကြီးပဲ။ ကိုဗစ်ကြောင့် အခုလို သတ်မှတ်လိုက်တယ်ဆိုတာ သဘောပေါက်တယ်။ ဒါပေမဲ့ တနေရာတည်းက ကူးသန်းသွားလာမယ်ဆိုရင် အားလုံးက ဒီနေရာထဲမှာ စုပြုံပြီး လူက ပိုများသွားမှာ၊ အဲဒါမှ ပိုဆိုးသွားလိမ့်မယ်။ နောက်ပြီး ကူးသန်းမယ့်သူအများစုဟာ အချိန်နဲ့ အလုပ်လုပ်ကိုင်နေရသူတွေဖြစ်တယ်။ ဒီပုံစံတိုင်းကြီးဆို အဘက်ဘက်က ထိခိုက်ကုန်မှာ စိုးရိမ်ရတယ်" လို့ ပြောပါတယ်။
အခုလိုသတ်မှတ်လိုက်တာက ကိုဗစ်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်တာဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားတဲ့အတွက် စည်ပင်အနေနဲ့ ထုတ်ပြန်တာလို့ မုံရွာမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးကျော်မျိုးဝင်းက ပြောပါတယ်။
ထုတ်ပြန်ချက်အရ မုံရွာမြို့မှာ ချင်းတွင်းမြစ်အနောက်ဘက် ညောင်ပင်ကြီးဆိပ်ကမ်းကို ကူးသန်းနေတဲ့ ကူးတို့ဆိပ် ၃ နေရာအနက် အခုအခါ ငွေဇင်ယော်ကူးတို့နဲ့ ထန်းတောစက်လှေ ကူးတို့ဆိပ်ကမ်းတွေကို ယာယီပိတ်လိုက်ပြီး ရွှေလွန်းပျံကူးတို့ ဇက်ဆိပ်နေရာ တစ်နေရာတည်းကပဲ ကူးသန်းရမှာ ဖြစ်ပါတယ်။
မုံရွာ - ညောင်ပင်ကြီး ကူးသန်းသွားလာနေသူ နေ့စဉ် ထောင်နဲ့ချီရှိတယ်လို့ သိရပြီး အခုကူးသန်းခွင့်ပြုထားတဲ့ ရွှေလွန်းပျံကူးတို့ဇက်ဆိပ်နေရာမှာတော့ ကူးသန်းမယ့်သူတွေကို ကျန်းမာရေးစစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။
မုံရွာမြို့နယ်မှာ ဇန်နဝါရီလ ၃၀ ရက်နေ့အထိ ပိုးတွေ့လူနာ ၂၅၁ ဦးရှိနေပြီဖြစ်ပြီး သေဆုံးသူ ၆ ဦးနဲ့ လက်ရှိမှာ ဆေးကုသမှုခံယူနေသူ ၆၆ ဦး ရှိနေပါတယ်။
သတင်း - ရန်နိုင်စိုး