ချင်းပြည်နယ် ဟားခါးမြို့နယ်ရှိ ဟားခါး-ထန်တလန်ကားလမ်းမှာ ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေက ကားတစ်စီး ချောက်ထဲကျခဲ့တာကြောင့် လူ ၂ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
ထန်တလန်ကနေ ဟားခါးမြို့ဆီ မောင်းနှင်လာတဲ့ PRADO အမျိုးအစားယာဉ်ဟာ ဟားခါး-ထန်တလန်ကားလမ်း မိုင်တိုင်အမှတ် (၃/၁)နဲ့ (၃/၂)ကြားမှာ အရှိန်မထိန်းနိုင်ဘဲ ပေ ၅၀၀ ခန့်နက်တဲ့ ချောက်ထဲကို ထိုးကျခဲ့တာလို့ သိရပါတယ်။
ဟားခါးမြို့နယ်မီးသတ်ဦးစီးမှူး ဦးသျှန်နွန်မောင်က “သေဆုံးသွားသူတွေက ကားမောင်းသူနဲ့ ၁၃ နှစ်အရွယ် သူ့ရဲ့ သမီးဖြစ်သူပါ။ နှစ်ယောက်လုံးကတော့ ဖြစ်တဲ့နေရာမှာတင် သေဆုံးသွားတယ် ၊ ချောက်ကလည်း အတော်နက်တယ်” လို့ ပြောပါတယ်။
သေဆုံးသွားသူတွေကတော့ ယာဉ်မောင်းဖြစ်သူ ဦးချွမ်းလိန်းနဲ့ သမီးဖြစ်သူ မဗန်ပါရ်အဲမ်တို့ဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာကို ဟားခါးမြို့နယ် မီးသတ်ယာဉ် ၁ စင်းနဲ့ သူနာပြုယာဥ် ၁ စင်းအပါဝင် မီးသတ်တပ်ဖွဲ့ဝင်တွေက သွားရောက်ရှာဖွေခဲ့ပြီးနောက် ရုပ်လောင်းတွေကို ဟားခါးမြို့နယ် ပြည်သူ့ဆေးရုံကြီး ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ကားမှောက်လူသေဆုံးမှုနဲ့ ပတ်သက်လို့ ဟားခါးမြို့မရဲစခန်းက စစ်ဆေးမှုတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - ရန်နိုင်စိုး၊ Photo - ဟားခါးခရိုင်မီးသတ်တပ်ဖွဲ့