မန္တလေး မြေပဲဈေးကွက်မှာ အခုနှစ် တရုတ်နိုင်ငံကနေ ဝယ်လိုအားကောင်းနေတာ ကြောင့် အရင်နှစ်တွေကထက် ဈေးနှုန်းမြင့်တက်နေတယ်လို့ မန္တလေးက ပဲပွဲရုံပိုင်ရှင်တွေဆီကသ သိရပါတယ်။
အရင်နှစ်တွေက မြေပဲဆံကို အခုလိုအချိန်မှာ အရောင်းအဝယ်နည်းပါးပြီး ဈေးနှုန်း ကျဆင်းလေ့ရှိပေမယ့် ဒီနှစ်တော့ မြေပဲလုံးဆံတင်မက မြေပဲဆီဆံနဲ့ ရွေးကျမြေပဲဆံတွေကိုပါ ဝယ်ယူနေတာကြောင့် ဈေးနှုန်းတွေမြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။
တရုတ်ဝယ်လက်ကောင်းလာတဲ့အတွက် မြေပဲဆံဈေးနှုန်းဟာလည်း တဖြေးဖြေးမြင့်တက် လာနေတဲ့ အခြေအနေဖြစ်နေတာဖြစ်ပါတယ်။
မန္တလေးကပဲပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က “အခုရက်ပိုင်းမှာ မန္တလေးဈေးကွက်မှာ တရုတ်နိုင်ငံရဲ့ ဝယ်လိုအားကြောင့် မြေပဲဆံဈေးဟာ ရုတ်တရက်မြင့်တက်လာတယ်။ အရင်နှစ်တွေ က တရုတ်နှစ်ကူးနီးလာတဲ့အချိန်မှာ ပဲမျိုးစုံနဲ့ မြေပဲတွေဟာ ဈေးကွက်က အေးလေ့အေးထ ရှိတယ်ပေါ့။ ဒါပေမဲ့ ဒီနှစ်အနေနဲ့ကတော့ တမူထူးခြားပြီးတော့ ကျန်တဲ့ပဲဈေးတွေအေးနေပေမယ့် မြေပဲဆံကို အဓိက ထားပြီးတော့ဝယ်ယူမှုတွေကရှိ လာတဲ့အတွက်ကြောင့် မြေပဲဆံဈေးက တက်လာတာဖြစ်တယ်။ မြေပဲအနေနဲ့က မြေပဲလုံးဆံတင် မကဘူး တရုတ်ဝယ်လက်တွေအနေနဲ့ ကလည်း မြေပဲဆီဆံရှိတယ် ဆီကြိတ်တဲ့အဆံ နောက်ပြီးတော့ ရွေးကျဆိုပြီးတော့ မြေပဲလုံးဆံ တွေကိုရွေးပြီးတော့ ကျန်တဲ့ ရွေးကျဆံပါမကျန် မြေပဲအုပ်စုမှန်ရင် အကုန်လုံးဝယ်ယူမှုတွေ ရှိလာတယ်”လို့ ပြောပါတယ်။
၂၀၂၀ ဒီဇင်ဘာလက မြေပဲလုံးဆံ တစ်ပိသာကို ငွေကျပ် ၂၇၀၀ လောက်ရှိခဲ့ပေမယ့် အခု ဇန်နဝါရီလမှာ ငွေကျပ် ၃၂၀၀ အထိ ပေါက်ဈေးရှိလာတယ်လို့ မန္တလေးကုန်စည်ဒိုင်ပေါက်ဈေးအရ သိရပါတယ်။
မြေပဲဆံဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် မြေပဲဆီဈေးနှုန်းတွေဟာလည်း မြင့်တက်လာပြီး ဈေးနှုန်းယှဉ်ပြိုင် မဝယ်ယူနိုင်တဲ့အခြေအနေတွေလည်းရှိနေတယ်လို့ မြေပဲကုန်သည်တွေက ဆိုပါတယ်။
သတင်း - ခင်ပြည့်စုံဝင်း၊ ဓာတ်ပုံ - ဝင်းဝင်း ပွဲရုံ