မန္တလေး အမေ့မေတ္တာနေ့အထိမ်းအမှတ် အမေ့ခြေရာခံယူပွဲကို မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ ဧရာဝတီပရဟိတ ဟင်္သာတရွှေကျောင်းမှာ ဇန်နဝါရီ ၂၇ ရက် မွန်းလွဲပိုင်းက ကျင်းပပါတယ်။
ဒီအမေ့ခြေရာခံယူပွဲကို ကဗျာဆရာ နေရစ်သော်(ဟင်္သာတ)က ဦးစီးပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက် စည်းကမ်းနဲ့အညီ ဒုတိယအကြိမ် ကျင်းပတာဖြစ်ပါတယ်။
ကဗျာဆရာ နေရစ်သော်က "ကိုယ်နားမှာ အမေ့မေတ္တာကို အမြဲတမ်း နွေးထွေးနေချင်တယ်ဆိုရင် အမေ့ခြေရာကို သိမ်းထားမယ်ဆိုရင် လုံခြုံတယ်လို့ ခံစားရတယ်၊ ကမ္ဘာကြီးမရှိတောင် အမေ့အနားမှာရှိနေရင် လုံခြုံတယ်လို့ ခံစားရတယ်၊ အမေရှိနေတယ်လို့ ခံစားရသကဲ့သို့ အမေ့ခြေရာကို သိမ်းထားချင်သူတွေ သိမ်းထားနိုင်ဖို့အတွက် အခုလို စီစဉ်ကျင်းပတာလို့ " လို့ မိန့်ပါတယ်။
မနှစ်က ပထမအကြိမ် အမေ့မေတ္တာနေ့ကို စာပေဟောပြောပွဲသာ ကျင်းပခဲ့ပေမဲ့ အခုနှစ် ကိုဗစ်ကာလဖြစ်တာကြောင့် စာပေဟောပြောပွဲ မကျင်းပနိုင်ခြင်းမရှိပဲ အမေ့ခြေရာခံယူပွဲကိုသာ ကျင်းပတာ ဖြစ်ပါတယ်။
အထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုခင်က "လူသားဆိုတာက မွေးဖွားပြီးရင် သေဆုံးသွားမှာဖြစ်ပါတယ်။ အကယ်၍များ တစ်ချိန်ကျ မိဘတွေ မရှိတော့တဲ့တစ်ချိန်ကျရင် မိဘတွေရဲ့ ခြေရာ၊ လက်ရာဖြစ်တဲ့ ခြေရာတွေကို ဆောင်ထားသင့်ပါတယ်၊ ရှိသင့်ပါတယ်၊ ဒါတွေက သားသမီးတိုင်း မဖြစ်မနေ လုပ်သင့်တဲ့ အရာတစ်ခုလို ထင်ပါတယ်။ ဒါတွေကို ကြည့်ချင်အားဖြင့် မိဘကျေးဇူးတွေကို အောက်မေ့သတိရရင်း မိဘတွေ သက်ရှိထင်ရှားရှိစဉ်ကလို ပြန်လည်ပူဇော်ပြီး မိဘနှစ်ပါး သက်ရှိထင်ရှားရှိသလို ဘေးနားမှာ နွေးထွေးမှု ရပါတယ်၊ ဒါကြောင့် သားသမီးတိုင်း အားလုံးလုပ်သင့်ပါတယ် " လို့ ပြောပါတယ်။
ဒီအမေ့ခြေရာခံယူပွဲမှာ မိဘခြေရာ ၁၀၀ စုံ ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
သော်တာ