ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ ရခိုင်ပြည်နယ်ကနေ ဝင်ရောက်လာတဲ့ နိုင်ငံသားအထောက်အထားမရှိသူ ၃၄ ယောက်ကို ဇန်နဝါရီ ၂၆ ရက်က နေရပ် ပြန်ပို့ပေးခဲ့ပါတယ်။
ဇန်နဝါရီ ၁၉ ရက်နေ့က သစ်ပုတ်ကျေးရွာအနီး ရာဇူဒိုင်မြစ်ထဲမှာ ရပ်ထားတဲ့ စက်လှေကို မသင်္ကာလို့ စစ်ဆေးရာကနေ ဖမ်းမိခဲ့တာဖြစ်ပြီး ကျေးရွာဘုန်းကြီးကျောင်း ဓမ္မာရုံမှာ ကွာရန်တင်းပုံစံထားရှိကာ ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ စစ်ဆေးပြီးနောက် နေရပ် ပြန်ပို့ပေးခဲ့တာလည်း ဖြစ်ပါတယ်။ ကိုဗစ်ရောဂါပိုးရှိ မရှိ စစ်ဆေးချိန်မှာ ရောဂါပိုးမတွေ့ရှိဘူးလို့ သိရပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေယံထွန်းက "တိုင်းဒေသကြီးအစိုးရရဲ့အစီစဉ်နဲ့ သက်ဆိုင်ရာဌာနဆိုင်ရာတွေဖြစ်တဲ့ လဝကနဲ့ ရဲတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး သူတို့လာတဲ့ နေရပ်ကို ဒီနေ့ပြန်ပို့ပေးလိုက်ပါပြီ'' လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်က ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ ၃၄ ယောက်ကို လိုအပ်တဲ့ အစားအသောက်နဲ့ အဝတ်အစားတွေ ထောက်ပံပေးထားပါတယ်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းကလည်း ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေမှာဖမ်းမိခဲ့တဲ့ နိုင်ငံသားအထောက်အထားမဲ့ ၇ ဦးကို သူတို့နေထိုင်ရာဇာတိတွေကို ပြန်လည်ပို့ဆောင်ပေး ခဲ့ပါတယ်။
ဧရာ၀တီတိုင်းမှာ ၂၀၂၀ ပြည့်နှစ်အတွင်း ရခိုင်ပြည်နယ်က၀င်ရောက်လာတဲ့ နိုင်ငံသား အထောက်အထားမဲ့ ဖမ်းမိမှု ၃ ကြိမ် ရှိခဲ့ပြီး အမျိုးသား ၃၇ ဦးနဲ့ အမျိုးသမီး ၆၉ ဦး စုစုပေါင်း ၁၀၆ ဦးကို ဖမ်းဆီးခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - ထွန်းထွန်းနိုင် (မော်ကျွန်း)