စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ နေအိမ်ကွာရန်တင်းထားတဲ့ သက်ကြီးရွယ်အို အမျိုးသမီးတစ်ယောက် မနေ့က သေဆုံးခဲ့ပြီး စစ်ဆေးရာမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်နေတာ တွေ့ခဲ့ရပါတယ်။
သေဆုံးသူအမျိုးသမီးဟာ ညောင်ပင်သာရပ်ကွက်မှာ အိမ်ငှားနေထိုင်သူဖြစ်ပြီး သူ့ရဲ့ အိမ်ရှင်မှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ပြီးနောက်ပိုင်း နေအိမ်မှာပဲ ကွာရန်တင်းဝင်နေရတာ ဖြစ်ပါတယ်။
ခရိုင်ကျန်းမာရေးဦးစီးမှူး ဒေါက်တာ စိုးမိုးထွေးက “ကွာရန်တင်းဝင်နေတာ ၃ ရက်ရှိပြီ။ သူ့မှာ ပန်းနာ ရင်ကျပ်ရှိပြီး အဆုတ်မကောင်းဘူးလို့ သိရပါတယ်” လို့ ပြောပါတယ်။
သူသေဆုံးပြီးနောက်မှာမှ စစ်ဆေးခဲ့ရတာဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်ခံထားရတာကို တွေ့ခဲ့ရတာပါ။
ဇန်နဝါရီ ၂၂ ရက်ကလည်း ကိုဗစ်ပိုးတွေ့လူနာတယောက်ကို ဆေးရုံမှာ ၁၂ ရက်ကြာကုသပြီး ဆေးရုံက ဆင်းခွင့်ပြုပြီးနောက် ၁ ရက်အကြာမှာ သေဆုံးခဲ့ပါတယ်။
ဒီမနက်အစောပိုင်းကလည်း ညောင်ပင်သာရပ်ကွက်က အသက် ၂၆ နှစ်အရွယ် အမျိုးသမီး ကိုဗစ်လူနာတယောက် သေဆုံးခဲ့လို့ ကလေးမှာ စုစုပေါင်း ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ ၁၁ ယောက် ရှိလာပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကလေးမြို့မှာ ဇန်နဝါရီ ၂၄ ရက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၄၇၆ ယောက်ရှိတယ်လို့ သိရပါတယ်။