ကောလင်းမြို့မဈေးတွင် ကိုဗစ်ပိုးတွေ့သဖြင့် ဈေးအားလုံး ယာယီပိတ်
DVB
·
January 24, 2021
စစ်ကိုင်းတိုင်း ကောလင်းမြို့က စည်ပင်သာယာပိုင် မြို့မဈေးအတွင်းက ပျံကျဈေးသည် ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ရတာကြောင့် မြို့မဈေးအပါအဝင် ဈေးတွေအားလုံးကို ဇန်နဝါရီ ၂၄ ရက်နေ့ကစတင်ပြီး ၁၄ ရက်ကြာ ယာယီပိတ်သိမ်းရမယ်လို့ သိရပါတယ်။
ပိုးတွေ့ပျံကျဈေးသည်ဟာ ကောလင်းမြို့နဲ့နီးတဲ့ ကရာကုန်းကျေးရွာကဖြစ်ပြီး အိမ်မှာနေတဲ့ သမီးဖြစ်သူ အနံ့ပျောက်သွားတဲ့အတွက် သားအမိနှစ်ဦးလုံးကို စစ်ဆေးရာမှာ နှစ်ဦးလုံး ကိုဗစ်ပိုးတွေ့ခဲ့ရတယ်လို့ ကောလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်က ပြောပါတယ်။
"ပိုးတွေ့တဲ့ အမေဖြစ်သူက ရွာကနေ မြို့မဈေးကို နေ့စဉ် ကုန်စိမ်းပျံကျလာရောင်းသူပါ။ မြို့မဈေးဆိုတာ တမြို့လုံးကလူတွေ လာပြီးဈေးဝယ်ကြတာ၊ ထိတွေ့ခဲ့တဲ့ လူတွေကို လိုက်ရှာရအောင်ကလည်း ဈေးဝယ်တဲ့လူတွေကလည်း အများကြီး၊ ပျံ့နှံ့မှုက ဘယ်လောက်ထိ ရှိမယ်ဆိုတာ ခန့်မှန်းလို့က မရနိုင်ဘူး။ အဲ့ဒါကြောင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့မဈေးကို ၁၄ ရက် ယာယီပိတ်လိုက်ရတာပါ။ ဒါ့အပြင် မြို့တွင်းက ရပ်ကွက်တွေမှာ ရောင်းချနေကြတဲ့ ပျံကျဈေးအားလုံးကိုလည်း ယာယီပိတ်လိုက်တယ်ဆိုတာက မြို့မဈေးကြီး အခုလိုပိတ်လိုက်တော့ ရပ်ကွက် ပျံကျဈေးတွေမှာ စုပြုံဈေးဝယ်ကြတော့မှာ၊ အဲ့ဒီတော့ အခုချိန်မှာ လူစုသွားရင် အန္တရာယ်အရမ်းများလို့ ဒါတွေကိုလည်း မြို့နယ်စည်ပင်က ပိတ်လိုက်ရတာ။ ဈေးနဲ့အသက်ဆိုင်တဲ့ ဟိုလို အိမ်မှာရောင်းတဲ့ ဆိုင်တွေကတော့ ဖွင့်လို့ရပါတယ်။"
ကောလင်းမြို့ပေါ်မှာ ဈေးအားလုံးအပြင် ဈေးပတ်ဝန်းကျင်မှာရှိတဲ့ ပုဂ္ဂလိကဆိုင်တွေကိုလည်း ယာယီပိတ်ထားလိုက်ရတယ်လို့ သိရပါတယ်။
အခုလို မြို့ပေါ်ရှိ ဈေးတွေအားလုံး ယာယီပိတ်လိုက်ရပေမယ့် မြို့ခံပြည်သူတွေ စားသောက်ရေး အခက်အခဲမရှိအောင် ရပ်ကွက်တွေအတွင်း ဈေးလှည့်လည်ရောင်းချတာ ခွင့်ပြုပေးသွားမယ်လို့ သိရပါတယ်။
ကောလင်းမြို့နယ်မှာ ဇန်နဝါရီ ၂၃ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့အတည်ပြုလူနာ ၆၅ ဦး၊ ဆေးရုံမှဆင်းခွင့်ရသူ ၂၃ ဦး၊ လက်ရှိကုသမှုခံယူနေသူ ၃၉ ဦးနဲ့ သေဆုံးလူနာ ၃ ဦး ရှိတယ်လို့ သိရပါတယ်။
ရန်နိုင်စိုး