Homeမြန်မာသတင်း
စိုက်ပျိုးရေးနှင့်ရေထွက်ကုန်တင်ပို့ပြီး ဒေသတွင်း စားရိက္ခာဖူလုံရန် အထောက်အကူပြုနိုင်မည်ဟု ဝန်ကြီးပြော
စိုက်ပျိုးရေးနှင့်ရေထွက်ကုန်တင်ပို့ပြီး ဒေသတွင်း စားရိက္ခာဖူလုံရန် အထောက်အကူပြုနိုင်မည်ဟု ဝန်ကြီးပြော
DVB
·
January 23, 2021
မြန်မာနိုင်ငံဟာ စားနပ်ရိက္ခာပိုလျှံတဲ့ စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့အလျောက် အရှေ့အလယ်ပိုင်း နိုင်ငံတွေ အပါအဝင် အာရှနိုင်ငံတွေဆီကို စိုက်ပျိုးရေးနဲ့ ရေထွက်ကုန်ပစ္စည်းတွေ တင်ပို့ပြီး ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံဖို့ အထောက်အကူပြုနိုင်မယ်လို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးက ပြောပါတယ်။
ဗွီဒီယိုကွန်ဖရင့်နဲ့ ဇန်နဝါရီ ၂၁ ရက်က ကျင်းပတဲ့ ၁၇ ကြိမ်မြောက် အာရှပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲ (အေစီဒီ) ဝန်ကြီးအဆင့် အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောခဲ့တာပါ။
ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်တာကို ထိန်းချုပ်လာနိုင်တဲ့အခါ မြန်မာနိုင်ငံဟာ နှစ်နိုင်ငံချင်းနဲ့ ဒေသတွင်း လုံခြုံတဲ့ ခရီးသွားလာရေး အစီအမံတွေကို အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်တာတွေကို ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
ပြီးတော့ မြန်မာနိုင်ငံဟာ စားနပ်ရိက္ခာပိုလျှံတဲ့ စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့အလျောက် အရှေ့အလယ်ပိုင်း နိုင်ငံတွေ အပါအဝင် အာရှနိုင်ငံတွေက ဈေးကွက်သစ်တွေဆီကို စိုက်ပျိုးရေးနဲ့ ရေထွက်ပစ္စည်းတွေတင်ပို့တာ မြှင့်တင်ပြီး ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံဖို့ အထောက်အကူပြုနိုင်မယ်လို့ ဝန်ကြီးက ပြောပါတယ်။
ဒီအစည်းအဝေးမှာ “နေထိုင်မှုပုံစံအသစ်၊ လုံခြုံစိတ်ချ ကောင်းမွန်တဲ့ ခရီးသွားလုပ်ငန်း” ခေါင်းစဉ်နဲ့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါရဲ့ ထိခိုက်တာတွေ လျော့ပါးသက်သာစေရေးအတွက် အေစီဒီအဖွဲ့ဝင် နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်တာ မြှင့်တင်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတာပါ။
အာရှဒေသဟာ မိမိတို့ရဲ့သမိုင်းကြောင်း၊ မတူကွဲပြားမှုနဲ့ ယဉ်ကျေးမှုအမွေအနှစ်ကြွယ်ဝတာ၊ သဘာဝအလှအပတို့ကြောင့် ခရီးသွားလုပ်ငန်းကို ပြန်လည်ဦးမော့လာစေဖို့ အလားအလာကောင်းတွေ အများကြီး ရှိနေတယ်လို့လည်း ဝန်ကြီး ဦးကျော်တင်က ပြောပါတယ်။
အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဆွေးနွေးပွဲ (အေစီဒီ) ကို ၂၀၀၂ ခုနှစ်၊ ဇွန်လက ထိုင်းနိုင်ငံမှာ ဖွဲ့စည်းခဲ့ပြီး လက်ရှိမှာ အဖွဲ့ဝင်အဖြစ် အာရှဒေသက ၃၅ နိုင်ငံ ပါဝင်ပါတယ်။