အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာနိုင်ငံသားများ တွေ့ဆုံပွဲကို တိုကျိုမြို့ Ushigome Tansu Civic Hall မှာ နိုဝင်ဘာ ၁၉ ရက် ညနေက ကျင်းပခဲ့ပြီး ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ၊ မြန်မာ့အရေးစိတ်ဝင်စားသူ ဂျပန်လူမျိုးတွေ တက်ရောက်ခဲ့ကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်ကိုယ်စားလှယ်ဦးစောဘလှသိန်းက တွေ့ ဆုံပွဲကျင်းပရတဲ့အကြောင်းရငက်း ရှင်းပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် က လက်ရှိမြန်မာနိုင်ငံအတွင်း ပြည်သူလူထုကြုံတွေ့ခံစားနေရတဲ့ ပကတိအခြေအနေမှန်တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ရှင်းလင်းပြောဆိုခဲ့ကာ တက်ရောက်လာသူတွေရဲ့ မေးခွန်းတွေကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် အနေနဲ့ ဂျပန်ခရီးစဉ်ဟာ အာရှနိုင်ငံများအတွင်း ပထမဆုံးလူထုနဲ့တွေ့ဆုံပွဲဖြစ်ပြီး ဂျပန်နိုင်ငံကို ရောက်ရှိနေစဉ်အတွင်း လက်ရှိမြန်မာနိုင်ငံအတွင်း ပြည်သူလူထုကြုံတွေ့ခံစားနေရတဲံ ပကတိအခြေအနေမှန်တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရဲ့ နိုင်ငံခြားရေးမူဝါဒတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံဆွေးနွေး ရှင်းလင်းတင်ပြသွားမယ်လို့ ဆိုပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ နိုဝင်ဘာ ၂၆ ရက်မှာ အိုဆာကာမြို့ရှိ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိနေပါတယ်။
သတင်း-ဓာတ်ပုံ-ဇော်ဇော်လှိုင်