၂၀၂၀ ပြည့်နှစ်အတွင်း ဧရာ၀တီတိုင်းသို့ အထောက်အထားမဲ့ဝင်လာသူ ၁၀၆ ဦး ဖမ်းမိခဲ့
DVB
·
January 19, 2021
ဧရာ၀တီတိုင်းဒေသကြီးမှာ ၂၀၂၀ ခုနှစ်အတွင်း ရခိုင်ပြည်နယ်ကနေ အထောက်အထားမဲ့ ၀င်ရောက်လာသူ ၁၀၆ ဦးကို ဖမ်းမိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။
ဧရာ၀တီတိုင်းအတွင်း ရခိုင်ပြည်နယ်က၀င်ရောက်လာတဲ့ အထောက်အထားမဲ့ ဖမ်းမိမှု ၃ ကြိမ်အထိ ရှိခဲ့ပြီး အမျိုးသား ၃၇ ဦးနဲ့ အမျိုးသမီး ၆၉ ဦး စုစုပေါင်း ၁၀၆ ဦးကို ဖမ်းမိခဲ့တာလို့ တိုင်းရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
“အထောက်အထားမဲ့ ၀င်လာတဲ့လူတွေကို သက်ဆိုင်ရာဌာနဆိုင်ရာတွေနဲ့ ချိတ်ဆက်ပြီး သူတို့လာတဲ့ နေရာတွေကို ပြန်ပို့ပေးခဲ့ပါတယ်၊ လိုက်ပို့တဲ့လူတွေကိုတော့ ရဲစခန်းတွေမှာ ဥပဒေအတိုင်းအရေးယူထားတယ်” လို့ တိုင်းရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက DVB ကိုပြောပါတယ်။
ရခိုင်ပြည်နယ်ကနေ အထောက်အထားမဲ့ ၀င်ရောက်လာသူတွေကို လိုက်ပို့ပေးတဲ့ အမျိုးသား ၁၆ ဦးကိုတော့ သက်ဆိုင်ရာနယ်မြေရဲစခန်းတွေမှာ လူကုန်ကူးမှုဥပဒေနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ဆိုပါတယ်။
ဧရာ၀တီတိုင်းမှာ ၂၀၁၉ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းက အထောက်အထားမဲ့ ၀င်ရောက်လာသူတွေကို ဖမ်းဆီးရမိမှု ၃ ကြိမ်၊ စုစုပေါင်း ၁၄၈ ဦးထိရှိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှာ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေမှာ ဖမ်းမိခဲ့တဲ့ အထောက်အထားမဲ့ ၇ ဦးကိုတော့ နေထိုင်ရာဇာတိတွေကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)