ဧရာ၀တီတိုင်းဒေသကြီး Stay at home ကြေညာထားတဲ့ ၃ မြို့နယ်က အခြေခံပညာစာကျောင်းတွေကို ဇူလိုင် ၅ ရက်ကစတင် ပိတ်ထားမှာဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးက ထုတ်ပြန်ထားပါတယ်။
ပုသိမ်၊ မြောင်းမြနဲ့ သာပေါင်းမြို့နယ်တွေက ကျောင်းတွေ၊ ဘုန်းတော်ကြီးသင်ကျောင်းတွေနဲ့ ကိုယ်ပိုင်ကျောင်းတွေကို stay at home သတ်မှတ်ထားတဲ့ ကာလမှာ ယာယီပိတ်ထားမယ်လို့ ဧရာ၀တီတိုင်းတိုင်းပညာရေးမှူးရုံးက ထုတ်ပြန်ထားတာပါ။
“ကျောင်းတွေက ပိတ်တာကောင်းတယ်၊ ရောဂါ စဖြစ်ကတည်းက ပိတ်ရမှာလေ။ အခုလည်း stay at home သတ်မှတ်မြို့နယ်တွေပဲ ပိတ်တာ တခြားမြို့နယ်တွေ ကျောင်းဖွင့်တုန်း ရောဂါထိန်းချုပ်ဖို့က ကျောင်းတွေပိတ်ရမှာ။ လူစုလူဝေး ဖြစ်နေတာလေ” လို့ CDM လုပ်တဲ့ ပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီးက ပုသိမ်၊ မြောင်းမြ၊ သာပေါင်းမြို့နယ်တွေမှာ Stay at home အဖြစ် ဇူလိုင်လ ၃ ရက်နေ့မှာ ကြေညာထားပါတယ်။
မြောင်းမြမြို့၊ မအူပင်မြို့၊ လပွတ္တာမြို့နဲ့ ပုသိမ်မြို့တွေမှာ ကျောင်းဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူတချို့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုတွေ ရှိနေကြောင်း သိရပါတယ်။