ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒု-ဥက္ကဋ္ဌကို ထောင်ဒဏ် ၁ နှစ် ချမှတ်
DVB
·
January 19, 2021
ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ ဒု-ဥက္ကဋ္ဌ ကိုဘုန်းမြင့်ကျော်ကို အမရပူရတရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ က၊ ခ နဲ့ ဇန်နဝါရီ ၁၈ ရက်နေ့က ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းက မန္တလေးမြို့ပေါ်မှာ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးရရှိရေးအတွက် စတစ်ကာကမ်ပိန်းမှာ ပါဝင်ခဲ့တာကြောင့် တရားစွဲခံထားရတာပါ။
ကိုဘုန်းမြင့်ကျော်ဟာ အောာင်မြေသာစံမြို့မယ် တရားရုံးမှာလည်း ဒီကိစ္စနဲ့ပတ်သက်လို့ အမှုနှစ်ခု စွဲတင်ခံထားရပြီး ဇန်နဝါရီ ၂၆ ရက်နေ့မှာ ရုံးချိန်းထပ်မံခေါ်ဆိုခံထားရပါတယ်။
အခုလက်ရှိချိန်အထိ ရတနာပုံတက္ကသိုလ်က ဗကသ ကျောင်းသားတွေဖြစ်တဲ့ ကိုကျော်သီဟရဲကျော်ကို ထောင်ဒဏ် ၇ နှစ်နဲ့ ၂ လ၊ ကိုရဲရင့်အောင်ကို ထောင်ဒဏ် ၂ နှစ်နဲ့ ၂ လ၊ ကိုဘချစ်ကို ထောင်ဒဏ် ၁ နှစ်နဲ့ ၁ လ အသီးသီးချမှတ်ထားတာ ဖြစ်ပါတယ်။
သမဂ္ဂအဖွဲ့ဝင်တွေ ဖမ်းဆီးထောင်ချခံနေရတဲ့အပေါ် ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မအိမွန်ခင်က “လွတ်လပ်ရေးရပြီးကတည်း ပြည်တွင်းစစ်ရပ်စဲရေးက တပါတည်းပါလာခဲ့တာမို့ ရတနာပုံသမဂ္ဂရဲ့ မူငါးချက်နဲ့အညီ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆက်လက်တောင်းဆိုသွားမယ်”လို့ ပြောပါတယ်။
တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ဗကသကျောင်းသားတွေကို ပုဒ်မအမျိုးမျိုးနဲ့ ဝရမ်းထုတ် ဖမ်းဆီးထောင်ချ အရေးယူနေတာ စုစုပေါင်း အယောက် ၃၀ ကျော်သွားပြီလို့ သိရပါတယ်။
သတင်း- နွေလှိုင်း(YU)၊ ဓာတ်ပုံ - ဗကသ