ဦးဝီရသူနှင့်အကျဥ်းသားများ ရုံးထုတ်ခွင့်ရရှိရေး ဆန္ဒပြ၊ ၁ ဦး ဖမ်းဆီးခံရ (ဓာတ်ပုံ)
DVB
·
January 16, 2021
နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ဦးဝီရသူ အပါအဝင် အကျဉ်းသားတွေ အများပြည်သူရှေ့မှောက် ရုံးထုတ်စစ်ဆေးခွင့်ရရှိရေးအတွက် အမျိုးသားရေးဆရာတော်တွေ အပါအဝင် လူတချို့ ဇန်နဝါရီ ၁၆ ရက်နေ့က အင်းစိန်ထောင်ရှေ့ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ဆန္ဒပြရာမှာ အမျိုးသားရေးဆရာတော်တွေနဲ့ ရဲတပ်ဖွဲ့အကြား အချေအတင်ပြောဆိုမှုတွေ ရှိခဲ့ပြီး လူစုလူဝေး ဖြစ်ပွားလာတဲ့အတွက် ရဲတပ်ဖွဲ့က လူစုခွဲခဲ့ပြီး ဆန္ဒပြရာမှာ ပါဝင်သူတယောက်ကို ဖမ်းဆီးကာ အင်းစိန်မြို့နယ်ရဲစခန်းကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဝရမ်းထုတ်ခံထားရတဲ့ ဦးဝီရသူဟာ တနှစ်ကျော်ကြာ တိမ်းရှောင်နေခဲ့ပြီး နိုဝင်ဘာ ၂ ရက်နေ့က ရန်ကုန်အနောက်ပိုင်းခရိုင်၊ ရဲတပ်ဖွဲ့မှူးရုံးမှာ လာရောက်အဖမ်းခံခဲ့တာပါ။ အဲဒီနောက် နိုဝင်ဘာ ၃ ရက်က တရားရုံးမှာ ချုပ်ရက်ရမန်ယူပြီး အင်းစိန်ထောင်ကို ပို့လိုက်ပါတယ်။
ဦးဝီရသူကို ၂၀၁၉ ခုနှစ် ဧပြီလ ၂၉ ရက်နေ့က မြိတ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဟောပြောပွဲနဲ့ မေလ ၅ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ကျင်းပခဲ့တဲ့ ဟောပြောပွဲတွေမှာ အစိုးရအဖွဲ့နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ပုဂ္ဂိုလ်ရေး ထိုးနှက်တဲ့ စကားလုံးတွေသုံးပြီး ဟောပြောခဲ့တာကြောင့် ရာဇသတ်ကြီးပုဒ်မ ၁၂၄(က)နဲ့ ဖမ်းဝရမ်းထုတ်ထားတာ ဖြစ်ပါတယ်။
Photo - Ye Myo Khant / MPA