Homeမြန်မာသတင်း
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နှင့် အန်အယ်လ်ဒီ တွေ့ဆုံနိုင်ရန် ညှိနှိုင်းနေဆဲ
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နှင့် အန်အယ်လ်ဒီ တွေ့ဆုံနိုင်ရန် ညှိနှိုင်းနေဆဲ
DVB
·
January 14, 2021
အန်အယ်လ်ဒီကိုယ်စားလှယ်အဖွဲ့နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) တို့ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ တွေ့ဆုံနိုင်ဖို့ နှစ်ဘက် ညှိနှိုင်းနေဆဲလို့သိရပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အတွင်းရေးမှူး စိုင်းလိတ်က “ကျနော်တို့ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦးနဲ့ အဲ့ဒီ ဦးအောင်မိုးညိုတို့ ၃ ဦးနဲ့ ကနဦး တွေ့ဆုံဖို့ လုပ်နေပါတယ်။ အဲဒီ ကနဦး တွေ့ဆုံမှုကနေမှ ဆွေးနွေးမယ့် ကိုယ်စားလှယ်နဲ့ ဆွေးနွေးမယ့် ရက် အချိန် နေရာတွေကို ထွက်လာမှာပေါ့နော် လောလောဆယ်ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။ ဒီနေ့တော့ မဖြစ်လောက်သေးဘူး ထင်တယ်”လို့ ပြောပါတယ်။
မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆန်တို့ပါဝင်တဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ်အဖွဲ့ဟာ ရှမ်းပြည်နယ်ရှိ ဒေသခံ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ မနေ့က တောင်ကြီးမြို့ကို ရောက်လာတာ ဖြစ်ပါတယ်။
အဖွဲ့ခေါင်းဆောင် ဒေါက်တာအောင်မိုးညိုကတော့ SNLD အနေနဲ့ ရှမ်းပြည်နယ်ရုံးမှာ လာရောက်တွေ့ဆုံနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။
“ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ဒီကိုလာတွေ့ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။ လာတွေ့မယ်လို့ မျှော်လင့်ပါတယ်။ အခြေအနေလည်းကောင်းပါတယ်”လို့ မနေ့ညက မီဒီယာတွေကို ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။
ဇန်နဝါရီ ၁၃ ရက်ကတော့ အန်အယ်လ်ဒီကိုယ်စားလှယ်အဖွဲ့ဟာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီနဲ့ တအာင်း(ပလောင်)အမျိုးသားပါတီ (TNP )တို့ ရှမ်းပြည်နယ် အမျိုးသားဒီမိကရေစီအဖွဲ့ချုပ်ရုံးမှာ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။
ခွန်ရာဇာ