ဒီမိုကရေစီမယိမ်းယိုင်အောင်ဆောင်ရွက်နေဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးကို ကာချုပ်ပြော
DVB
·
January 12, 2021
၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်း အမှားအယွင်းတွေရှိခဲ့ကြောင်းနဲ့ စည်းကမ်း၊ ဥပဒေတွေအတိုင်း ဒီမိုကရေစီမယိမ်းယိုင်အောင် ဆက်လက်လုပ်ဆောင်နေတဲ့အကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို ဆွေးနွေးပြောဆို ခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို ဇန်နဝါရီ ၁၂ ရက် ဒီနေ့ မနက်က နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်မှာ လက်ခံတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
တွေ့ဆုံရာမှာ မြန်မာ့တပ်မတော် စွမ်းရည်မြှင့်တင်ရေးကိစ္စ၊ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးနဲ့ တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ တရုတ်နိုင်ငံက ဆက်လက်ကူညီပေးသွားမယ့်ကိစ္စ၊ ထာ၀ရငြိမ်းချမ်းရေးရရှိရေးအတွက် ဆောင်ရွက်နေတဲ့ကိစ္စတွေနဲ့ ဘင်္ဂလားဒေရှ့်ရောက် နေရပ်စွန့်ခွာနေသူတွေနဲ့ ပတ်သက်လို့ မြန်မာ-တရုတ်-ဘင်္ဂလားဒေရှ့် သုံးနိုင်ငံ ညှိနှိုင်း ဆောင်ရွက်မယ့် ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့လည်း တပ်မတော် သတင်းမှာ ဖော်ပြပါတယ်။
ဓာတ်ပုံ- DSINFO