ဂျပန်မြောက်ပိုင်းတွင် နှင်းသိပ်သည်းစွာ ကျဆင်းမှုကြောင့် ကားများပိတ်မိ
DVB
·
January 11, 2021
ဂျပန်နိုင်ငံမြောက်ပိုင်းက စီရင်စုနယ်တွေမှာ သမိုင်းဝင်လောက်အောင် နှင်းတွေ သိပ်သိပ်သည်းသည်း ကျဆင်းခဲ့လို့ ရာချီတဲ့ ကားတွေ သောင်တင်နေတယ်လို့ ဂျပန်ရုပ်သံ NHKက ဇန်နဝါရီ ၁၀ ရက်မှာ ကြေညာပါတယ်။
နိအိဂါတာ၊ တိုယာမ၊ အိရှိခါ့ဝါ့၊ ဖှုခုအိနဲ့ ရှိငါ့ စီရင်စုတွေအပါအဝင်တွေ မြောက်ပိုင်း စီရင်စုတွေကို ဖြတ်သန်းသွားတဲ့ ကားလမ်းပေါ်မှာ ကားစီးရေ ၁၀၀၀ ကျော် နှင်းထဲမှာ ပိတ်မိ သောင်တင်နေခဲ့ပါတယ်။
ယာဉ်မောင်းတွေကို ကယ်ဆယ်ဖို့ ဂျပန်ကာကွယ်ရေးတပ် (JSDF)ကို တာဝန်ချထားရပါတယ်။ တပ်ဖွဲ့ဝင်တွေက သောင်တင်နေတဲ့ ကုန်ကားတွေ ဘေးတလျှောက် လမ်းလျှောက်လာခဲ့ပြီး လမ်းဖောက်ဖို့ နှင်းတွေကို တူးထုတ်နေပုံကို ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဓာတ်ပုံတွေထဲမှာ မြင်ရပါတယ်။
ဂျပန်ပင်လယ်ကို မျက်နှာမူထားတဲ့ စီရင်စုနယ်တွေမှာ နှင်းတွေ အကြီးအကျယ် ကျဆင်းတာ ဖြစ်လေ့ရှိပေမဲ့ လေ့လာရေးစခန်း အများစုမှာတော့ ပျမ်းမျှထက် နှင်းထု ၂ဆကျော် ပိုမို ကျဆင်းခဲ့တာ တွေ့ရတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
တိုယာမမြို့မှာတော့ ၄၈ နာရီအတွင်း နှင်းထု ၈၈ စင်တီမီတာ (၃ပေ နီးပါး) အထိ ကျဆင်းရင်း စံချိန်သစ် တင်ခဲ့တယ်လို့ NHK သတင်းမှာ ထုတ်လွှင့်သွားပါတယ်။