Homeမြန်မာသတင်းကြို့ပင်ကောက် ရွှေညီလာခန်းမဆောင် ကွာရန်တင်းစင်တာကို ဦးဇင်းတပါးက မီးရှို့
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ အထက ရွှေညီလာခန်းမဆောင် ကွာရန်တင်းစင်တာမှာ ဇန်နဝါရီ ၉ ရက်မနက် ၅ နာရီလောက် ကွာရန်တင်းဝင်နေတဲ့ ဦးဇင်းတပါးက မီးရှို့ခဲ့တာကြောင့် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ကြို့ပင်ကောက်မြို့နယ်မီးသတ်တပ်ဖွဲ ဒုမီးသတ်ဦးစီးမှူး ဦးရဲလင်းထွဋ်က “မီးလောင်ရတဲ့အကြောင်းက ညပိုင်းက ရန်ကုန်ကနေ ခိုးပြီး ပြန်လာတဲ့ ဦးဇင်းတစ်ပါးရှိတယ်။ အဲ့ဒီဦးဇင်းကို ကြို့ပင်ကောက်ဘုန်းကြီးကျောင်းတွေက လက်မခံလို့မို့ ကွာရန်တင်းစင်တာကို ရောက်ရှိလာတော့ ဒီကျောင်းကြီးရဲ့ အပေါ်ထပ် ကျက်သရေခန်းမှာ ထားတယ်။ ဆရာတော်သံဃာတော်ဖြစ်တဲ့အတွက် ဘုရားစင်အောက်မှာ ထားရှိခဲ့တာဖြစ်တယ်။ ဒါပေမဲ့ လက်ရှိဖြစ်ပွားခဲ့တဲ့ မီးလောင်မှဖြစ်စဥ်မှာဆိုရင် ဒီဘုန်းကြီးကျောင်းတွေက လက်မခံလို့ ဒီကျောင်းကြီးမှာ လာပြီးနေရတယ်ဆိုပြီး ဒီကျောင်းကြီးကို မီးရှို့မယ်ဆိုပြီး လုပ်တယ်။ ပထမ လိုက်ကာစလေးတွေကို ရှို့ပြီး ထိုင်ကြည့်တယ်၊ သိပ်မလောင်ဘူး ဆိုပြီး ခုံ လေးငါးလုံးလောက်ကို ရိုက်ချိုးပြီး ထပ်ထည့်တယ်လို့ သူကိုယ်တိုင် ဝန်ခံထွက်ဆို ထားပါတယ်" လို့ ပြောပါတယ်။
မီးလောင်မှုကို မီးသတ်ကား ၁၂ စီး၊ မီးသတ်တပ်ဖွဲ့ အရန်၊ သန္ဓေအင်အား ၉၀ နဲ့ ငြှိမ်းသတ်ခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုး ၄၄ သိန်း ၄ သောင်းကျော်ရှိတယ်လို့ ဆိုပါတယ်။
မီးလောင်မှုဖြစ်ပွားရာကို ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်း ရောက်ရှိလာပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့နဲ့ တွေ့ဆုံကာ ကျောင်းဆောင်အသစ် ပြန်လည်တည်ဆောက်နိုင်ဖို့ ညှိနှိုင်းကာ ညွှန်ကြားခဲ့တယ်လို့ ဒုမီးသတ်ဦးစီးမှူးက ပြောပါတယ်။
မီးလောင်ပျက်ဆီးခဲ့တဲ့ ရွှေညီလာခန်းမဆောင်မှာ နှစ်ထပ်အဆောက်အဦ ဖြစ်ပြီး နှစ်ပေါင်း ၇၀ သက်တမ်းရှိကာ၊ မီးရှို့ခဲ့တဲ့ ဦးဇင်း ဦးသာသန (၃၄) နှစ်ကို ကြို့ပင်ကောက်မြို့နယ် သံဃနာယကအဖွဲ့နဲ့ ရဲတပ်ဖွဲ့တို့ ညှိနှိုင်းဆောင်ရွက်ပြီး ၁၃/၂၀၂၁ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
ဝဏ္ဏထွန်း