Homeမြန်မာသတင်း
မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ၁ ဦး ကိုဗစ်ကူးစက်ခံရ၊ အဖွဲ့ဝင်အချို့ ကွာရန်တင်းဝင်
မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ၁ ဦး ကိုဗစ်ကူးစက်ခံရ၊ အဖွဲ့ဝင်အချို့ ကွာရန်တင်းဝင်
DVB
·
January 9, 2021
မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း) ရဲ့ ကုသိုလ်ပြုအဖွဲ့ဝင် တစ်ဦး ကိုဗစ် ၁၉ ရောဂါကူးစက်ခံခဲ့ရတာကြောင့် ထိတွေ့ခဲ့တဲ့ အဖွဲ့ဝင် ၂၅ ဦးလောက်ကို ကွာရန်တင်းစင်တာ ပို့ဆောင်ထားပြီး ၇ ရက် အသွားအလာ ကန့်သတ်ထားတယ်လို့ သိရပါတယ်။
အသွားအလာကန့်သတ်ထားချိန် အတွင်းမှာ တိုင်းရုံးအနေနဲ့ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်နားထားမှာဖြစ်ပြီး တိုင်းဒေသကြီးအတွင်း မြို့နယ်အဖွဲ့ ၀င်တွေ နဲ့သာ ဆက်လက်ဆောင်ရွက်ပေးသွားမယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း ကော်မတီ) တာဝန်ခံ ကိုစွမ်းပြည်အောင်က ပြောပါတယ်။
“ကျနော်တို့ အဖွဲ့ဝင်တစ်ယောက် အနံ့ပျောက်လို့ ဧရာဝတီဖောင်ဒေးရှင်းမှာ သွားစစ်တဲ့အခါမှာ ပိုးတွေ့တယ်ပေါ့။ အဲ့ဒီတော့ ကျနော်တို့အဖွဲ့ဝင်တွေ Q ၀င်တဲ့သူတွေ ၀င်တယ်၊ သာမန် ကွန်တက်ဖြစ်တဲ့သူတွေ သူတို့ Home stay အနေနဲ့ နေရတယ်။ လက်ရှိမှာတော့ ကျနော်တို့ရုံးက ကိုဗစ်ပိုးလူနာ ကောက်တာတွေ အကုန်လုံးကို ရပ်လိုက်တယ်။”
အခုလို ရပ်နားထားမှာဖြစ်ပေမယ့်လည်း ရတနာပုံ တက္ကသိုလ် ကွာရန်တင်းစင်တာနဲ့ မန္တလာ တက္ကသိုလ် စင်တာတွေကို မြင်းခြံမြို့နယ်၊ ရွာငံမြို့နယ် ရုံးတွေက အဖွဲ့ဝင်တွေကို အားဖြည့်ပြီး ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
တိုင်းရုံးအဖွဲ့ကိုတော့ ကွာရန်တင်း၀င်နေသူတွေ ပြန်လည်လည်ပတ်နိုင်တဲ့အထိ ရပ်နားထားမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း ကော်မတီ) မှာ အသင်းဝင် ၈၀ လောက် ပါဝင် လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။
ခင်ပြည့်စုံဝင်း