နိုင်ငံတကာလေကြောင်းလိုင်းများကို ဇန်နဝါရီလကုန်အထိ ဆက်ပိတ်
DVB
·
December 31, 2020
နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်တွေ မြန်မာနိုင်ငံဆီ ပျံသန်းတာကို လာမယ့် ဇန်နဝါရီ ၃၁ ရက်ထိ တိုးမြှင့်ကန့်သတ်လိုက်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန က ကြေညာပါတယ်။
မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ နိုင်ငံတကာမှ လေကြောင်းခရီးစဉ်တွေနဲ့ ခရီးသည်တွေ ဝင်ရောက်လာမှုကို ကန့်သတ်ထိန်းချုပ်နိုင်ရေးမှာ များစွာ အရေးပါတဲ့အတွက် နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်တွေ ပျံသန်း ဆင်းသက်ခြင်း ယာယီကန့်သတ်ထားတဲ့ ကာလကို ဒီဇင်ဘာ ၃၁ ရက်အထိသတ်မှတ်ထားရာကနေ နောက်ထပ် တစ်လ ထပ်မံ တိုးမြှင့်သတ်မှတ်လိုက်တာပါ။
ခုအချိန်အထိ ကမ္ဘာ့နိုင်ငံအများစုမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်နေဆဲဖြစ်တဲ့အပြင် ဗြိတိန်မှာ စတင်တွေ့ရှိတဲ့ ကူးစက်မြန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးအသစ်ကို အာရှနိုင်ငံတချို့ အပါအဝင် တခြားနိုင်ငံတွေကို စတင်ကူးစက်နေတာ တွေ့ရှိရလို့ ထပ်မံတိုးမြှင့်လိုက်တာလို့ ဆိုပါတယ်။
တစ်ဖက်ကလည်း မြန်မာနိုင်ငံရဲ့ စီးပွားရေးထိခိုက်မှုကို ပြန်လည်ကုစားဖို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအခြေအနေအပေါ် မူတည်ပြီး ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်တွေနဲ့ အညီ အဆင့်လိုက် ပြန်လည်ပြေးဆွဲခွင့်ပြုနိုင်ရေး သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနတွေက ညှိနှိုင်းဆွေးနွေးနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ပထမဆုံး ကိုဗစ်-၁၉ အတည်ပြုလူနာကို မတ်လ ၂၃ ရက်မှာ တွေ့ရှိခဲ့ပြီးနောက် အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်တွေကိုတော့ မတ်လ ၂၉ ရက်ကတည်း က စတင် ရပ်နားထားခဲ့တာ ဖြစ်ပါတယ်။