ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို အသွားလာကန့်သတ် လော့ဒေါင်းချ
နန်းမြနဒီ
·
December 29, 2020
မြန်မာနိုင်ငံ ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ မျက်နှာချင်းဆိုင် တာ့ခ်ခရိုင်၊ မဲဆောက်မြို့ကို ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးအတွက် အသွားအလာ ပိတ်ပင်ကန့်သတ် လော့ဒေါင်းချထားတယ်လို့ မာ့တီချွန်းထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဒေသထဲမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေ ပိုများလာမှာစိုးတဲ့အတွက် တာ့ခ်ခရိုင်ဝန် နိုင်း ဖုန်းဆီလတ် ဖိရူမ်းရတ် ညွှန်ကြားချက်နဲ့ နယ်စပ်အစွန် မဲဆောက်မြို့ကို ၂၀၂၀ ဒီဇင်ဘာ ၂၈ ရက်နေ့ကစပြီး လော့ဒေါင်းချထားတယ်လို့ ဆိုပါတယ်။
လော့ဒေါင်းချတဲ့အစီအစဉ်မှာ တက္ကစီတွေနဲ့ ကိုယ်ပိုင်အငှားယာဉ်တွေ မပြေးဆွဲရ၊ ကားဂိတ်၊ လေဆိပ်နဲ့ ဈေး အပါအဝင် နေရာအသီးသီးက စားသောက်ဆိုင်တွေမှာ ဆိုင်ထိုင်မစားရ၊ ဘာသာရေးဆိုင်ရာ ပွဲလမ်းသဘင် ( မည်သည့်ဘာသာမဆို ) မကျင်းပရ ၊ လူဦးရေ အယောက် ၂၀ ထက်ပိုပြီး မစုဝေးရ စတာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီလော့ဒေါင်းချမှုကို လာမယ့်နှစ် ဇန်နဝါရီလ ၃ ရက်နေ့ထိ ကနဦးသတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
မဲဆောက်မြို့မှာ ကိုဗစ်-၁၉ ကူးစက်ခံရပြီး ဆေးရုံမှာတက်ရောက်ကုသနေသူ ၁၂ ယောက် ရှိတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
မဲဆောက်မှာ ပြီးခဲတဲ့ရက်ပိုင်းက မြန်မာဘက်ခြမ်းကနေ ကုန်လာချတဲ့ ယာဉ်မောင်း တစ်ယောက် ကိုဗစ်-၁၉ ပိုးတွေ့ရှိတဲ့နောက် အခုလို မြို့ကိုလော့ ဒေါင်းချလိုက်တာဖြစ်နိုင်ပြီး စက်ရုံ အလုပ်ရုံတွေကတော့ မပိတ်လို့ အလုပ်သမားတွေ အလုပ်ပုံမှန်ဆင်းနေတယ်လို့ မဲဆောက် အခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ဒီဗွီဘီကို ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတဲ့ ရွှေ့ပြောင်းအလုပ်သမားစုစုပေါင်း ၁,၃၈၁ ယောက်ရှိပြီး အများစုမှာ မဟာချိုင်က မြန်မာအလုပ်သမားတွေ ဖြစ်ပါတယ်။ အဲဒီထဲမှာ ဒီကနေ့ နောက်ထပ်တွေ့တဲ့ ၁၁ ယောက် ပါဝင်ပါတယ်။
ထိုင်းတနိုင်ငံလုံးအနေနဲ့တော့ ဒီကနေ့ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် ၁၅၅ ယောက်ရှိပြီး သေဆုံးသူ တစ်ယောက်ရှိပါတယ်။
ဒီဇင်ဘာ ၂၉ ရက်အထိ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ပိုးကူးစက်ခံရသူပေါင်း ၆၄၄၀ ယောက် ရှိသွားပြီဖြစ်ပြီး ရောဂါပျောက်ကင်းသက်သာလာသူ ၄၁၈၄ ယောက်နဲ့ သေဆုံးသူ ၆၁ ယောက် ရှိပါတယ်။
ကိုးကား - https://www.one31.net