မဲဆောက်မြို့က မြန်မာရွှေ့ပြောင်းအလုပ်သမားများကို မီးငြှိမ်းသတ်နည်း ပညာပေးသရုပ်ပြ
DVB
·
December 27, 2020
စက်ရုံ အလုပ်ရုံတွေမှာ အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ မီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်နည်း ပညာပေးသရုပ်ပြကို မြဝတီမြို့တဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့ ဒီဇင်ဘာ ၂၆ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အလုပ်သမားအများစု နေထိုင် အလုပ်လုပ်တဲ့ စက်ရုံ အလုပ်ရုံ လုပ်ငန်းခွင်နဲ့ ဟိုတယ်တွေမှာ ထိုင်းအလုပ်သမား၀န်ကြီးဌာနက ချမှတ်ထားတဲ့ မီးသတ်နည်းစနစ်တွေကို ပြသပေးခဲ့တာပါ။
အလုပ်သမားတိုင်း လက်တွေ့မီးသတ်ပညာနဲ့ မီးသတ်ပုံး အသုံးပြုစနစ်အကြောင်းတွေ သိထားဖို့ ရည်ရွယ်လုပ်ဆောင်တာလို့ သိရပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် မီးလောင်ကျွမ်းမှုအား မထိန်းချုပ်နိုင်ခဲ့ပါက လုပ်ငန်းခွင် ဆုံးရှုံးမှုတွေနဲ့ အလုပ်သမားတွေ အလုပ်လက်မဲ့ မဖြစ်ဖို့အတွက် မီးသတ်စနစ်ကို ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကလည်း စိတ်ဝင်စားစွာ သင်ယူခဲ့ကြတယ်လို့ စက်ရုံအလုပ်သမားခေါင်းဆောင်တဦးက ပြောပါတယ်။
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တစ်ဘက်ကမ်း မဲဆောက်မြို့မှာ စက်ရုံ အလုပ်ရုံ ၂၀၀ ကျော်ရှိပြီး မီးသတ်စနစ် ပညာပေးမှုကို မဲဆောက်မြို့ ထပ်ဆိုင်လွပ် မီးသတ်ဦးစီးအဖွဲ့က လက်တွေ့သရုပ်ပြ ပညာပေးခဲ့ပါတယ်။
လက်ရှိမှာ စက်ရုံပေါင်း ၅၀ ကျော် သရုပ်ပြ သင်ကြားပေးခဲ့ပြီးဖြစ်ပြီး ကျန်စက်ရုံတွေမှာလည်း ပြသသွားမယ်လို့ သိရပါတယ်။
ဖိုးစီ