Homeမြန်မာသတင်း
ဝိုင်းမော်တွင် တစ်သျှူးငှက်ပျောကား တိမ်းမှောက်မှုကြောင့် တရုတ်-မြန်မာ ချစ်ကြည်ရေးတံတား ပျက်စီး
ဝိုင်းမော်တွင် တစ်သျှူးငှက်ပျောကား တိမ်းမှောက်မှုကြောင့် တရုတ်-မြန်မာ ချစ်ကြည်ရေးတံတား ပျက်စီး
DVB
·
December 27, 2020
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဝါရှောင်ကျေးရွာမှာ ဒီဇင်ဘာ ၂၆ ရက်နေ့မနက်က တစ်သျှူးငှက်ပျော တင်ဆောင်လာတဲ့ တွဲကားတစ်စီး အရှိန်လွန်တိမ်းမှောက်ခဲ့တာကြောင့် အဲဒီကျေးရွာမှာရှိတဲ့ တရုတ်-မြန်မာ ချစ်ကြည်ရေးတံတား ဘေးဘောင်တွေ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
၂၀၁၁ ၀န်းကျင်က တည်ဆောက်ထားတဲ့ ချစ်ကြည်ရေးတံတားပေါ်မှာ ညသန်းခေါင်၀န်းကျင် တိမ်းမှောက်ခဲ့တာဖြစ်ပြီး ဘရိတ်အုပ်ရာတွေအရ အရှိန်နဲ့မောင်းလာတာကြောင့် တိမ်းမှောက်တာ ဖြစ်နိုင်တယ်လို့ ဝါးရှောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆာမူအေးလက DVB ကို ပြောပါတယ်။
ယာဉ်တိမ်းမှောက်မှုနဲ့ပတ်သက်ပြီး ယာဉ်မောင်းဖြစ်သူကို ဝိုင်းမော်မြို့မရဲစခန်းမှာ ဖမ်းဆီးထားပြီး အမှုဖွင့် အရေးယူထားတယ်လို့ စခန်းမှူး ဒုရဲမှူးထွန်းထွန်းနိုင်က အတည်ပြုပြောပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ချစ်ကြည်ရေးတံတား ဘေးဘောင်တွေ ပျက်စီးကျိုးကျသွားခဲ့ကာ လမ်းပိတ်ဆို့မှုလည်း ဖြစ်ပွားခဲ့သလို တံတားလမ်းမပေါ် ပြန့်ကျဲနေတဲ့ တစ်သျှူးငှက်ပျောဖာတွေကိုလည်း ရွာခံတွေက တာ၀န်ယူ ရှင်းလင်းနေရတယ်လို့ သိရပါတယ်။
လက်ရှိမှာ ငှက်ပျောရာသီဖြစ်ကာ ကျေးရွာတွင်းလမ်းတွေက ကျဉ်းပေမဲ့ ကားသမားတွေက အရှိန်နဲ့ မောင်းတာကြောင့် မကြာခဏ ယာဉ်တိုက်မှု၊ တိမ်းမှောက်မှုတွေ ဖြစ်နေပြီး တစ်သျှူးငှက်ပျောတင် တွဲယာဉ်မောင်းတွေ အရှိန်လျှော့မောင်းပေးကြဖို့ ဝါးရှောင်ကျေးရွာအုပ်ချုပ်ရေးမှူးက မေတ္တာရပ်ခံထားပါတယ်။
သတင်း - ဇုန်းကျန်း CJ