မဟာချိုင်ပုစွန်စျေးဟောင်းတွင် ကိုဗစ်ဆေးရုံတည်ဆောက်၍ မြန်မာအလုပ်သမားများကိုကုသပေး
DVB
·
December 25, 2020
ထိုင်းနိုင်ငံ၊ စမွတ်စာခွန်ခရိုင်မှာ ကိုဗစ်-၁၉ ကူးစက်ခံနေရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀၀ ကျော်ကို မဟာချိုင် ပုစွန်စျေးဟောင်းက စျေးရုံကြီးကို ကိုဗစ်ကုသရေးဆေးရုံငယ်အဖြစ် တည်ဆောက်ပြီး ကုသပေးနေပါတယ်။
မဟာချိုင်ရှိ အမျိုးသားအားကစားကွင်းမှာ ဆေးရုံအသေးစား ဆောက်လုပ်ရာမှာ ထိုင်းလူမျိုးတွေ ကန့်ကွက်ဆန္ဒပြတဲ့အတွက် ဆောက်ခွင့်မရခဲ့ဘူးလို့ AAC မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့တာဝန်ခံ ဦးရဲမင်းက ပြောပါတယ်။
ဘောလုံးကွင်းအနီးမှာနေထိုင်တဲ့ ထိုင်းနိုင်ငံသားတွေက ဆေးရုံဆောက်ပစ္စည်းတွေ သယ်လာတဲ့ကားကို အားကစားရုံ ထဲပေးမဝင်ဘဲ ပြန်လှည့်ခိုင်းကာ ဆန္ဒပြခဲ့ကြတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အဲ့ဒီပတ်ဝန်းကျင်မှာ လူဦးရေအနည်းဆုံး ၁ သောင်းကျော်နေထိုင်ပြီး ကလေးငယ်တွေလည်း ရှိတဲ့အတွက် ရောဂါကူးစက်ခံရမှာစိုးရိမ်တာကြောင့် ဆေးရုံလာဆောက်တာကို ထိုင်းနိုင်ငံသားတွေက ကန့်ကွက်ခဲ့ကြတာလို့ ဆိုပါတယ်။
အခုဆိုရင် စမွတ်စာခွန်ခရိုင် မဟာချိုင်မှာ ရောဂါကူးစက်ခံရသူပေါင်း ၁၃၀၀ ကျော်အထိ ရှိနေလို့ သိရပါတယ်။
မဟာချိုင်အတွင်းက အသွားအလာ ကန့်သတ်ခံထားရတဲ့ မြန်မာလုပ်သားတွေကို အဖွဲ့အစည်းတွေက အလှူရှင်တွေနဲ့ချိတ်ဆက်ကာ စားစရာတွေ လှူဒါန်းပေးနေကြပါတယ်။
ရေလုပ်ငန်းလုပ်ကိုင်တဲ့ ၂၂ ခရိုင်ထဲက စမွတ်စာခွန်ခရိုင်ဟာ အကြီးဆုံးဖြစ်ပြီး မြန်မာလုပ်သားတွေ သိန်းနဲ့ချီ လုပ်ကိုင်နေကြပါတယ်။
အိသဇင်ခိုင်