မုံရွာမြို့တွင် ကိုဗစ်ကာလ စီးပွာရေးကျပ်တည်းသဖြင့် ရွှေပြန်ရောင်းချသူ များလာ
DVB
·
December 24, 2020
ကိုဗစ်-၁၉ ကပ်ရောဂါကာလ စီးပွားရေး ကျပ်တည်းလာတာကြောင့် စစ်ကိုင်းတိုင်း မုံရွာမြို့က ရွှေဆိုင်တွေမှာ ရွှေပြန်လည်ရောင်းချသူတွေ များနေတယ်လို့ သိရပါတယ်။
ရွှေရောင်းချသူ တောင်သူတဦးက "ရွှေရောင်းရတာက အရင်တုန်းကတော့ မိုးလေဝသကလည်းမှန်တယ်။ ကိုဗစ်ပိုးကလည်းမရှိတော့ အဆင်ပြေတော့ ဝယ်နိုင်တယ်။ အခုဟာက ရာသီဥတုကလည်း မမှန်၊ ကိုဗစ်ရောဂါဖြစ်တော့ စီပွားရေးအဆင်မပြေလို့ ပြန်ရောင်းရတာ" လို့ ပြောပါတယ်။
ရွှေလာရောက်ရောင်းချသူတွေ အများစုဟ နယ်ကျေးရွာတွေက တောင်သူတွေနဲ့ မြို့ပေါ်ကလက်လုပ်လက်စား အများစုဖြစ်တယ်လို့ သိရပါတယ်။
မုံရွာမြို့ရှိ သိန်းတရာရွှေဆိုင်ပိုင်ရှင် ဒေါ်နှော်ထူးလှိုင်က "ဒီရက်ပိုင်းကတော့ ပြန်လည်ရောင်ချသူများတယ်။ ပြန်ရောင်းသူတွေ စီးပွားရေးကျပ်လို့ ပြန်ရောင်းကြတာဖြစ်လို့ လက်ခတို့၊ အလျှော့တွက်စတာတွေကို တက်နိုင်သလောက် ပြန်လည်ရောင်းသူနှစ်နာမှုမရှိအောင် လုပ်ပေးတယ်။ ကျမတို့တက်နိုင်တဲ့ဘက်ကနေ စီးပွားရေးကျပ်တည်းလို့ ပြန်လာရောင်းတဲ့သူတွေကို စားစရာ ပြန်လှူပေးပါတယ်” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးမှာ အခုနှစ်မိုးရွာသွန်းမှု နည်းပါခဲ့ကာ တောင်သူတွေရဲ့ စိုက်ပျိုးသီးနှံတွေ ပိုးကျပျက်စီးမှုတွေလည်း ရှိနေပါတယ်။
ကိုဗစ်ကာလာမှာ ရွှေဝယ်သူထက်ရောင်းသူနဲ့ ပေါင်နှံသူတွေက ပိုများတယ်လို့ ရွှေဆိုင်ပိုင်ရှင် ဦးကျော်စိုးဝင်းကပြောပါတယ်။
မုံရွာမြို့မှာ ပြီးခဲ့တဲ့ ၂၀၁၉ နှစ်က အခုလို သီးနှံပေါ်ချိန် ရွှေဝယ်ယူသူများပေမဲ့ ၂၀၂၀ ခုနှစ်မှာ ဝယ်သူမရှိဘဲ ရောင်ချသူပိုများတယ်လို့လည်း သိရပါတယ်။
ကျော်မင်းသန့်