လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၄ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ
DVB
·
December 23, 2020
လွိုင်လင်မြို့နယ်မှာ ငွေကျပ် ၄ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ လွိုင်လင်-တောင်ကြီး ကားလမ်းအတိုင်း မူးယစ်ဆေးဝါးပမာဏ အများအပြားသယ်ဆောင်လာကြောင်း သတင်းအရ ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက် ၆ နာရီအချိန်က လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာအနီး စောင့်ဆိုင်းဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
လွိုင်လင်မြို့ဘက်က တောင်ကြီးမြို့ဘက်ကို အမျိုးသားတစ်ဦးမောင်းနှင်လာသည့် ၆ ဘီးမော်တော်ယာဉ်ကို စစ်ဆေးရန်တားဆီးရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသောကြောင့် လိုက်လံပိတ်ဆို့ဖမ်းဆီးစဉ် မိုင်းပွန်မြို့၊ သင်္ချိုင်းအနီး မော်တော်ယာဉ်အား ယာဉ်မောင်း ရဲလှိုင်ဝင်း နဲ့ အတူ ပိတ်ဆို့ဖမ်းဆီးရမိခဲ့ပါတယ်။
ယာဉ်ပေါ်မှာ ပန်းနှမ်းအိတ်တွေနဲ့ ဖုံးအုပ်သယ်ဆောင်လာသည့် ဆာလာအိတ်တွေအတွင်းက စိတ်ကြွရူးသွပ်ဆေးပြား ၈ သန်း သိမ်းဆည်းရမိခဲ့ပါတယ်။
ရဲလှိုင်ဝင်း ၅၀ နှစ်အား ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး သိမ်းဆည်းရမိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေကို လဲချားမြို့ကနေ တောင်ကြီးမြို့သို့ သယ်ဆောင်မှာဖြစ်ပြီး ကွင်းဆက်တရားခံတွေ ဖော်ထုတ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။