မြန်မာပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေး ဆောလျင်စွာရရှိရေး အိန္ဒိယ-မြန်မာ ဆွေးနွေး
DVB
·
December 23, 2020
မြန်မာပြည်သူတွေအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတွေ အမြန်ဆုံးရရှိနိုင် ဖို့အတွက် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၂ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Saurabh Kumar တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြချိန်မှာ ထည့်သွင်းဆွေးနွေးခဲ့ကြတာပါ။
ဒီဆွေးနွေးမှုမှာတော့ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းဆိုင်ရာ အတွေ့အကြုံတွေ ဖလှယ်ခဲ့ကြပြီး မြန်မာပြည်သူတွေအတွက် ရောဂါကာကွယ်ဆေးတွေ အမြန်ဆုံးရရှိရေးကိစ္စ၊ ကာကွယ်ဆေးတွေ ပူးတွဲထုတ် လုပ်ရေးကိစ္စတွေအပါအဝင် ရေနံဓာတုကဏ္ဍမှာ အိန္ဒိယနိုင်ငံက ရင်းနှီးမြှုပ်နှံရေးကိစ္စ၊ စစ်တွေဆိပ်ကမ်းကို လာမယ့် ၂၀၂၁ ခုနှစ် အစောပိုင်းကာလမှာ စတင်လည်ပတ်သွားနိုင်ရေး၊ သံတမန်သင်တန်းကျောင်း တည်ထောင်ရေးအတွက် အိန္ဒိယ အစိုးရက ကူညီပံ့ပိုးပေးမယ့် ကိစ္စရပ်တွေအပါအဝင် ၂ နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်နေတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေ အချိန်မီပြီးစီးရေးအတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရေးကိစ္စရပ်တွေကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံမှာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၀ သန်းကျော်၊ သေဆုံးသူ ၁၄၆,၄၇၆ ယောက်နဲ့ ဒုတိယကူးစက်မှုအမြင့်ဆုံး နိုင်ငံဖြစ်နေပါတယ်။
တကမ္ဘာလုံးမှာတော့ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၇၈ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၇ သန်းကျော်နဲ့ ပြန်လည်သက်သာလာသူ ၅၅ သန်းကျော် ရှိနေပါတယ်။
လတ်တလော ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာတော့ ဒီဇင်ဘာ ၂၂ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၁၇,၉၄၆ ယောက်၊ သေဆုံး သူ ၂,၄၈၄ ယောက်နဲ့ အဆင့် ၆၈ မှာ ရှိနေပါတယ်။
လက်ရှိအချိန်ထိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဓာတ်ခွဲစစ်ဆေးမှု စုစုပေါင်း ၁ ဒသမ ၆ သန်းကျော် ပြုလုပ်ခဲ့ပြီးဖြစ်ကာ စောင့်ကြည့်လူနာပေါင်း ၁၅,၅၈၁ ယောက် ရှိနေတယ်လို့ ဝန်ကြီးဌာန ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။