Homeမြန်မာသတင်း
စစ်ကိုင်းတောင်ခြေတွင် ဘုန်းကြီးကျောင်းက ပြန်စွန့်သည့်ဆွမ်းဟင်း လာယူသူများ၍ လူစုခွဲ ပြန်လွှတ် (ဓာတ်ပုံ)
စစ်ကိုင်းတောင်ခြေတွင် ဘုန်းကြီးကျောင်းက ပြန်စွန့်သည့်ဆွမ်းဟင်း လာယူသူများ၍ လူစုခွဲ ပြန်လွှတ် (ဓာတ်ပုံ)
DVB
·
December 21, 2020
စစ်ကိုင်းတောင်ခြေက မြစင်္ကြာဘုန်းကြီးကျောင်းအနီးမှာ ဒီဇင်ဘာ ၂၁ ရက်နေ့က ဘုန်းကြီးကျောင်းကပြန်စွန့်တဲ့ ဆွမ်းဟင်းတွေကို လာယူကြသူတွေ များပြားတာကြောင့် လူစုခွဲပြီး ပြန်လွှတ်ခဲ့ရတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ ရပ်ကွက်အချို့က အိမ်ထောင်စု ၁၀၀ ကျော်လောက်ဟာ ကိုဗစ်ကပ်ဘေးကာလမှာ စားဝတ်နေရေး ခက်ခဲနေတာကြောင့် ဘုန်းကြီးကျောင်းကစွန့်ကြဲတဲ့ ဆွမ်းဟင်းကို နေ့စဉ်လာရောက် စောင့်ဆိုင်းပြီး ယူနေကြတာပါ။
လူစုလူဝေး မဖြစ်ဖို့နဲ့ နောက်ရက်တွေမှာလည်း ဆွမ်းဟင်းတွေကို ရပ်ကွက်တွေအရောက် အိမ်တိုင်ရာရောက် လိုက်လံလှူပေးမှာဖြစ်ကြောင်း၊ နောက်ရက်တွေလည်း ဒီနေရာကို မလာရောက်ကြဖို့ သက်ဆိုင်ရာ မီးသက်တပ်အဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့က စောင့်ဆိုင်းနေသူတွေကို ပြောဆိုကာ လူစုခွဲပြီး အိမ်ပြန်လွှတ်ခဲ့ပါတယ်။
အခုလို စစ်ကိုင်းတောင်က ဘုန်းကြီးကျောင်းတွေက ဆွမ်းကျန်တွေကို လာရောက်စောင့်ဆိုင်းပြီး စားသောက်နေရတာ နှစ်လလောက် ကြာပြီလို့ ဆွမ်းဟင်းကျန်တွေ လာရောက်စောင့်ဆိုင်းသူ ကိုစိန်မြင့်က ပြောပါတယ်။
နေ့စဉ် ဘုန်းကြီးကျောင်းဆွမ်းဟင်းတွေ ကျောင်းရဲ့နောက်ဖေးလမ်းကြားမှာ မနက် ၁၀ နာရီခွဲလောက်ကနေ ၁၂ နာရီလောက်ထိ ကျောင်းက ကပ္ပိယတွေက တယောက်ချင်း လိုက်ဝေပေးရတယ်လို့ ကိုစိန်မြင့်က ပြောပါတယ်။
ဆွမ်းဟင်းတွေကို ဒီနေ့ ညနေ ၃ နာရီလောက်အထိ ရပ်ကွက်တွေမှာ လိုက်လံဝေနေပေးနေတယ်လို့ ဆိုပါတယ်။