Home
အနုပညာ
The Voice Myanmar ပြိုင်ပွဲတွင် N Oo L က Winner ဆုရရှိ (ရုပ်သံ) 
DVB
·
December 21, 2020
NOL The Voice Myanmar
လတ်တလော ထုတ်လွှင့်ပြသနေတဲ့ The Voice Myanmar Season 3 သီချင်းဆို ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် ဖိုင်နယ်ပြိုင်ပွဲကို မနေ့ညကကျင်းပရာမှာ ပြိုင်ပွဲဝင် N Oo L က ပရိသတ်တွေပေးတဲ့ မဲအများဆုံးနဲ့ Winner ဆုကို ရရှိသွားခဲ့ပါတယ်။ ဒီအဆင့်မှာ Team R. ဇာနည်ရဲ့ အဖွဲ့ထဲက N Oo L၊ Team ကျားပေါက်ရဲ့ အဖွဲ့ထဲက တွမ်ပီး၊ Team နီနီခင်ဇော်ရဲ့ အဖွဲ့ထဲက ခင်ရတနာစိုး၊ Team ရန်ရန်ချန်းရဲ့ အဖွဲ့ထဲက Error အဖွဲ့တို့က အပြိုင်ကြဲသီဆို ယှဉ်ပြိုင်သွားခဲ့ကြတာပါ။ မြန်မာနိုင်ငံမှာ တတိယအကြိမ်အဖြစ် ကျင်းပတဲ့ ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လို သူတွေကိုတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ကတည်းက Online Audition လျှောက်လွှာတွေ ခေါ်ယူခဲ့တာပါ။ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာတော့ Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့်စတဲ့ ပြိုင်ပွဲအဆင့်တွေကို ပြိုင်ပွဲ ဝင်တွေက အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး ဖိုင်နယ်အဆင့်ကို ရောက်ရှိတာ ဖြစ်ပါတယ်။ အခုနှစ်ရဲ့ Season 3 မှာလည်း မနှစ်က Coach တွေဖြစ်ကြတဲ့ R. ဇာနည်၊ ရန်ရန်ချန်း၊ ကျားပေါက်နဲ့ နီနီခင်ဇော်တို့ကပဲ ပြန်လည်ပြီးတော့ ပါဝင်ခဲ့ကြကာ Blind Audition အဆင့်ပြိုင်ပွဲကနေ Team တခုစီအတွက် ပြိုင်ပွဲဝင် ၁၂ ယောက်စီ ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက် သက်ဆိုင်ရာ Coach တယောက်ချင်းစီရဲ့ Team တွေထဲက ၂ ယောက် တတွဲစီနဲ့ ဒုတိယအဆင့် Battle Round ပြိုင်ပွဲ၊ Team တခုစီက ၄ ယောက်တတွဲစီ ယှဉ်ပြိုင်ရတဲ့ တတိယအဆင့် KnockOut Round၊ စတုတ္ထအဆင့် Live Show ပြိုင်ပွဲနဲ့ ပဉ္စမအဆင့် ဆီမီးဖိုင်နယ်တွေပြီးသွားခဲ့ပြီး နောက်ဆုံးဖိုင်နယ်ကို အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ N Oo L က “ခရီးသွားမီးခိုးတန်းများ”၊ တွမ်ပီးက “အိပ်မက်+ Shadow of the day” ၊ ခင်ရတနာစိုးက “နဂါးနီ”၊ Error အဖွဲ့က “This is the rap” သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ကြပြီး ပရိသတ်မဲအများဆုံးနဲ့ Winner ဆုရရှိသူကို ရွေးချယ်ခဲ့ရာမှာ N Oo L က ရရှိသွားခဲ့တာပါ။ မနှစ်က Season 2 မှာတော့ Coach ၄ ယောက်ရဲ့ အဖွဲ့ ၄ ဖွဲ့ထဲက ပြိုင်ပွဲဝင် နိုဗန်ထူး၊ ဟေဇယ်လ်၊ ပေါလ်အော်စတင်နဲ့ မယ်လိုဒီခေါင်တို့က နောက်ဆုံးအဆင့်ထိ ရောက်ရှိလာခဲ့ကြပြီး ပြိုင်ပွဲတလျှောက် ရော့ခ်မက်တယ်လ်သီချင်းတွေနဲ့ အစွမ်းပြယှဉ်ပြိုင်ခဲ့သူ နိုဗန်ထူးက ဆုရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar Season 1 သီချင်းဆိုပြိုင်ပွဲမှာလည်း Winner ဆုရှင်ဟာ Coach လင်းလင်းရဲ့ အဖွဲ့ထဲက အမျိုး သား ပြိုင်ပွဲဝင် ငွေစိုးက ရရှိခဲ့တာမို့ N Oo L ဟာ တတိယမြောက် ဆုရရှိတဲ့ အမျိုးသား ပြိုင်ပွဲဝင် Winner တယောက်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံ- The Voice Myanmar

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013