မိုးကုတ် ကျောက်မျက်ရတနာစျေးများ ကိုဗစ်စည်းကမ်းချက်နှင့်အညီ ပြန်ဖွင့်
DVB
·
December 20, 2020
မန္တလေးတိုင်း မိုးကုတ်မြို့နယ်က ကျောက်မျက်ရတနာ ထာပွဲစျေးတွေကို ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ ဒီဇင်ဘာ ၂၀ ရက်နေ့က ပြန်လည်ဖွင့်လှစ်လိုက်တယ်လို့ ပွဲဈေးတာဝန်ရှိသူတွေက ပြောပါတယ်။
ကျောက်မျက်ရတနာ ထာပွဲစျေးတွေကို မြို့နယ်စည်ပင်ဥက္ကဋ္ဌတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ အစည်းဝေးဆုံးဖြတ်ချက် ကိုဗစ်စည်းကမ်းနဲ့အညီ ဖွင့်လှစ်ခဲ့တာလို့ သိရပါတယ်။
ကျောက်မျက်ရတနာထာပွဲစျေး လာတဲ့ ကျောက်ကုန်သည်တိုင်းကို mask တပ်စေတာ၊ Hand gel ဆောင်စေတာတွေအပြင် အပူချိန်တိုင်းမှုတွေကို မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ကနေ ကူညီဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
ဆိုင်ခန်းပိုင်ရှင်တွေအနေနဲ့ တရက်ခြားစီ စုံ၊မ ပုံစံနဲ့ တရက်ခြား ရောင်းချပေးဖို့နဲ့ ချမှတ်ထားတဲ့ စည်းကမ်းချက်တွေ လိုက်နာပေးဖို့တောင်းဆိုပြီး ဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။
ကျောက်မျက်ရတနာထာပွဲစျေးတွေကို ကိုဗစ်ရောဂါကြောင့် ပိတ်ထားခဲ့တာ နှစ်လကျော်ပြီ ဖြစ်ပြီး မြို့ရဲ့ စီးပွားရေးအခြေအနေနဲ့ ပြည်သူတွေ စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေကြတာကြောင့် ပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။
သတင်း - ဟန်နာထက်အောင်