၂ လကျော်ပိတ်ထားသည့် မိုးကုတ်ကျောက်မျက်ရတနာစျေးများ ပြန်ဖွင့်ရန် ဆေးဖျန်း
DVB
·
December 19, 2020
နှစ်လကျော်ပိတ်ထားတဲ့ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့က ကျောက်မျက်ရတနာစျေးတွေကို ပြန်ဖွင့်ဖို့ အရောင်းအဝယ် အဓိကနေရာ ပန်းခြံထာပွဲစျေးကို လူမှုကယ်ဆယ်ရေးအဖွဲ့က ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ပိုးသတ်ဆေးဖျန်းခဲ့တယ်လို့ မြို့နယ် သတင်းနှင့်ပြန်ကြားရေးဌာနက သိရပါတယ်။
ကျောက်မျက်ရတနာ ထာပွဲစျေးတွေကို မြို့နယ် ကိုဗစ်တားဆီးကာကွယ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတွေရဲ့ ခွင့်ပြုချက်အရ ဒီဇင်ဘာ ၂၀ ရက်ကစ ပြန်လည်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
ကျောက်မျက်ရတနာဈေးမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကာကွယ်တားဆီးရေးအတွက် ကျောက်မျက်ရောင်းချတဲ့ ဆိုင်တွေမှာ စုံ၊ မ ခွဲပြီး တရက်ခြား ရောင်းချစေမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဆိုင်တွေမှာ hand gel ထားတာ၊ Mask နဲ့ face shield တပ်ဆင်တာနဲ့ လက်အိတ်စွပ်ဖို့လည်း တိုက်တွနိးထားပြီး ကျန်းမာရေးစည်းကမ်းချက်နဲ့အညီ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
ကျောက်မျက်ရတနာထာပွဲစျေးတွေကို ကိုဗစ်ရောဂါကြောင့် ပိတ်ထားခဲ့တာ နှစ်လကျော်ပြီ ဖြစ်တာကြောင့် မြို့နေလူထုရဲ့ စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတင်း - ဟန်နာထက်အောင်