လူကုန်ကူးခံရသည့် ဗီယက်နမ်နိုင်ငံသူ ၄ ဦးကို UWSAတပ်ဖွဲ့က ပြန်လွှဲပေး
DVB
·
December 18, 2020
‘ဝ’ အထူးဒေသ ၂ ပန်ဆန်းမြို့က တည်းခိုခန်းတစ်ခုမှာ ရောက်ရှိနေတဲ့ လူကုန်ကူးခံခဲ့ရတဲ့ ဗီယက်နမ်နိုင်ငံသူ အမျိုးသမီး ၄ ဦးကို UWSAတပ်ဖွဲ့က ကယ်တင်ခဲ့ပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံ ဒီဇင်ဘာ ၁၇ ရက်နေ့က လွှဲပြောင်းပေးခဲ့တယ်လို့ ‘ဝ’ ပြင်ပဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ပြောပါတယ်။
ဗီယက်နမ်နိုင်ငံသူ ၄ ဦးဟာ မြန်မာနိုင်ငံက သက်ကြီးရွယ်အိုဂေဟာမှာ မြန်မာငွေ ၁၇ သိန်းနဲ့အလုပ်ရမယ်ဆိုတဲ့ကြော်ငြာပြပြီးစည်းရုံးခံခဲ့ရလို့ တရုတ်နိုင်ငံမှတဆင့် မြန်မာနိုင်ငံ ‘ဝ’ အထူးဒေသ (၂) ဝိန်းကောင်ကို ရောက်ရှိလာပြီး အနှိပ်ခန်းမှာ အလုပ်ခိုင်းစေခံရလို့ facebook ပေါ်တင်ပြီး အကူအညီတောင်းခဲ့တာဖြစ်ပါတယ်။
ပန်ဆန်းမြို့က Tian cheng တည်းခိုခန်းမှာ ဗီယက်နမ်အမျိုးသမီး ၄ ဦး လူကုန်ကူးခံရပြီး ရောက်ရှိနေတယ်လို့ ဗီယက်နမ်သံရုံးက သတင်းရတဲ့အတွက် မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အနေနဲ့ ကူညီရှာဖွေစုံစမ်းပေးဖို့ ဒီဇင်ဘာ ၉ ရက် နေ့က အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး ‘ဝ’ ပြည်နယ်ပြင်ပဆက်ဆံရေးဌာနနဲ့ UWSA ဌာနချုပ် ပန်ဆန်းမြို့ရှိ ရဲတပ်ဖွဲ့တို့ ပူးပေါင်းရှာဖွေကယ်တင်ပြီး အဆိုပါလူကုန်ကူးခံ ဗီယက်နမ်နိုင်ငံသူ ၄ ဦးကို အမှတ် (၁၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုနဲ့ တန့်ယန်းမြို့နယ် ရဲမှူး၊ လူဝင်မှုကြီးကြပ်ရေးဦးစီးမှူးတို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ထံသို့ နယ်ခြား ‘ဝ’ ဂိတ်နေရာမှာ ဒီဇင်ဘာ ၁၇ နေ့ မနက်က လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ဗီယက်နန်နိင်ငံသူ ၄ ဦးကို တန့်ယန်းမြို့နယ်မှ လားရှိုးမြို့ကို ခေါ်ဆောင်လာပြီး ကိုဗစ်-၁၉ ရောဂါရှိမရှိနဲ့ ပြန်လည်ထောင်ရေးဦးစီးဌာနမှာ ကွာရန်တင်းထားဖို့ ဒီဇင်ဘာ ၁၇ ရက်နေ့က အပ်နှံထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လူကုန်ကူးမှု ၁၄ မှုရှိပြီး လူကုန်ကူးခံတဲ့ အမျိုးသမီးပေါင်း ၅၀ လောက်ရှိတယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အမှတ် (၁၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
-နန်းစပယ်
-နန်းငြိမ်းလုံ(ရှမ်းမြောက်)