ကိုဗစ်-၁၉ ကူးစက်ခံ သံဃာအပါး ၂၆၃၀ ခန့်ရှိ ၊ သံဃာနှင့် သီလရှင် အပါး ၄၀ ပျံလွန်တော်မူ
နေလင်းအောင်
·
December 17, 2020
ရန်ကုန်တိုင်းထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတဲ့ သံဃာတော်အပါး ၂၆၃၀ နီးပါးရှိပြီး ဒီရောဂါနဲ့ ပျံလွန်တော်မူသွားတဲ့ သံဃာတော်နဲ့သီလရှင်စုစုပေါင်း အပါး ၄၀ ရှိတယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကနေ သိရပါတယ်။
လက်ရှိအနေအထားအရ ကိုဗစ်-၁၉ ရောဂါ မြန်မာ ပြည်တွင်းကူးစက်မှုနှုန်းက တနေ့တခြား မြင့်တက်လာပြီး သံဃာတော်တွေပါ ကူးစက်မှုတွေရှိလာပါတယ်။
မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာအတွက် သံဃာတော်တွေပညာသင်ကြားနေတဲ့ စာသင်တိုက်တွေ မှာ ရဟန်းသံဃာတော် ကိုရင်တွေဟာ တစ်နေရာထဲမှာ ရာနဲ့ချီသတင်းသုံးနေကြတာလည်း ဖြစ်ပါတယ်။
သံဃာတော်တွေ၊ သီလရှင်တွေ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပါက ဆေးစစ်ဖို့လိုအပ်တဲ့ အကူအညီတွေကို သာသနာရေးတိုင်းမှူးတွေက လိုက်လံဆောင်ရွက်ပေးနေတယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေး ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ဆိုပါတယ်။
အခုဆိုရင် ဘုန်းကြီးကျောင်းတွေမှာ သံဃာတော်တွေဟာ ကိုဗစ်-၁၉ ကြောင့် ဆွမ်းခံမထွက်ရသလို လှူဒါန်းတဲ့ အလှူရှင်တွေနည်းပါးသွားတာကြောင့် ဆွမ်းကွမ်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
ရမ်းကုန်းမြို့နယ် ၂ ရပ်ကွက်ရှိ ဒေဝနိမ္မိတာရုမ်ကျောင်းတိုက်ဆရာတော် အရှင်တိလောက က “အရင် ကိုဗစ်ပထမလှိုင်းကာလ ဆွမ်းခံအလှူမထွက်ရပေမယ့် အလှူရှင်တွေလာရောက်လှူဒါန်းတဲ့အတွက် စိတ်ပူစရာ မရှိပါဘူး။ အခုချိန်ဟာ ရောဂါပိုးကူးစက်မှုနှုန်းက မြင့်တက်နေတော့ အလှူရှင်လာရောက် လှူဒါန်းတာတွေ မရှိကြတော့ပါဘူး။ တချို့ စာသင်သားများတဲ့ကျောင်းတွေ၊ ချို့တဲ့နေတဲ့ ကျောင်းတွေဆိုရင် တော်တော်လေး အခက်အခဲတွေ ရှိနေတယ်” လို့ မိန့်ကြားပါတယ်။
ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ပြင်းထန်လာတာကြောင့် သံဃာတော်တွေကို အပြင်ကိုမထွက်အောင် စောင့်ကြပ်မှုတွေ ပြုလုပ်ထားတယ်လို့ အာရှ အလင်းရောင်ဆရာတော် ဘန္ဒန္တစိန္တိတ ကမိန့်ပါတယ်။
“ကိုဗစ်ကြောင့် တချို့ လုပ်လက်စလုပ်ငန်းတွေပါ ရပ်နား လိုက်ရတဲ့အခြေအနေတွေမှာ ရှိနေပါတယ်။ အလှူရှင်တွေမလာတော့ ၀င်ငွေရပ်သွားတဲ့အခါ ကျောင်းတွေမှာ ရှိတဲ့ ဝေယာဝစ္စကိစ္စတွေလုပ်ဖို့ တော်တော်လေးခက်ခဲသွားတယ်” လို့ မိန့် ပါတယ်။
လက်ရှိ စာသင်တိုက်တွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ရဟန်းသံဃာတော်တွေ ရာနဲ့ချီရှိနေပြီး သံဃာတချို့ မိမိဇာတိရပ်ကို ပြန်မယ်ဆိုရင် သက်ဆိုင်ရာ တိုင်းဒေသကြီးတွေမှာ ကိုဗစ်-၁၉ ရောဂါ ကင်းစင်ကြောင်း စစ်ဆေးပြီး ပြန်စေဖို့ ဆရာတော်ကြီးတွေက ခွင့်ပြုထားပါတယ်။