ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် စာရင်းကောက်ထားသည့် ကျန်းမာရေးဝန်ထမ်း ၁ သိန်း ကျော်ရှိ
DVB
·
December 16, 2020
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိပါက ဦးစားပေးထိုးနှံပေးနိုင်ဖို့ စာရင်း ကောက်ယူထားတဲ့ ကျန်းမာရေးဝန်ထမ်းဦးရေ တစ်သိန်းကျော်လောက် ရှိနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သိရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းတွေ အသိအမှတ်ပြုထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ပေါ်ထွက်လာရင် ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်း မြန်မာနိုင်ငံရဲ့ လူဦးရေ ၂၀ ရာခိုင်နှုန်းကို ထိုးနှံပေးသွားဖို့ စီစဉ်နေပါတယ်။
ဒီထဲ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရရှိရင် ကျန်းမာရေးဝန်ထမ်းတွေနဲ့ သက်ကြီးရွယ်အို တွေကို ဦးစားပေးထိုးနှံပေးဖို့ စီစဉ်နေတာပါ။
ပြီးခဲ့တဲ့အပတ်က စတင်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးမယ့် ကျန်းမာရေးဝန်ထမ်း အရေအတွက် စာရင်းကောက်ယူထားတယ်လို့ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောပါတယ်။
လက်ရှိမှာ ကာကွယ်ဆေးထိုးနှံပေးဖို့ ရန်ကုန်တိုင်းထဲ ကျန်းမာရေးဝန်ထမ်းတွေ အားလုံး စာရင်းကောက်ယူထားပြီး စေတနာဝန်ထမ်းနဲ့ လူမှုဝန်ထမ်းအဖွဲ့တွေကိုလည်း ထပ်မံစာရင်းကောက်ယူဖို့ စီစဉ်နေတယ်လို့ ဒေါက်တာခင်ခင်ကြီး က ပြောပါတယ်။
မြန်မာနိုင်ငံအတွက် COVAX အစီအစဉ်ကနေ ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိဖို့ ဆွစ်ဇာလန်အခြေစိုက် Gavi၊ The vaccine၊ Alliance အဖွဲ့ ကို ဒီဇင်ဘာ ၇ ရက်နေ့က အဆိုပြုလွှာပေးပို့ထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးရာမှာ ဘယ်သူ့ကိုမှ မချန်ဘဲ တစ်တိုင်းပြည်လုံးကို ထိုးပေးမှာဖြစ်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၁၅ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၁၀,၆၆၇ ယောက်၊ သေဆုံးသူ ၂,၃၁၉ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၈၉,၄၁၈ ယောက်ရှိပြီဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကုသရေးစင်တာတွေမှာ ဆောင်ရွက်နေကြတဲ့ ဆရာဝန်၊ သူနာပြုနဲ့ ကျန်းမာရေး ဝန်ထမ်းအယောက် ၁,၀၀၀ ကျော်လောက်လည်း ကိုဗစ်-၁၉ ရောဂါစက်ခံနေရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန သတင်းအချက်အလက်အရ သိရပါတယ်။
သတင်း - နန့်ခိုင်