Home
မြန်မာသတင်း
တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးရန် ခေါင်းဆောင် ၃ ဦး အန်အယ်လ်ဒီ ရွေးချယ်
နေဖြိုးဝင်း
·
December 13, 2020
Dr Myo Nyunt (NLD)
အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေး တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့အတွက် အန်အယ်လ်ဒီပါတီက ခေါင်းဆောင် ၃ ဦး ရွေးချယ်လိုက်ပါတယ်။ နေပြည်တော်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးချုပ်(ယာယီ)မှာ ဒီဇင်ဘာ ၁၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပါတီဗဟို အလုပ်အမှုဆောင်အစည်းအဝေးမှာ အခုလို ဖွဲ့စည်းလိုက်တလို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောပါတယ်။ “တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆွေးနွေးဖို့အတွက် ကျနော်တို့ ခေါင်းဆောင်သုံးဦး ရွေးလိုက်ပါတယ်။ တစ်က ဒေါက်တာအောင်မိုးညို၊ နှစ်က ဒေါ်နန်းခင်ထွေးမြင့်၊ သုံးက အင်ထုံးခါးနော်ဆန်ပါ။ သူတို့သုံးဦးကနေပြီးတော့ ကျနော်တို့ တိုင်းရင်‌သားနိုင်ငံရေးပါတီတွေနဲ့ ဦးဆောင်ပြီးတော့ ဆွေးနွေးမှာပါ။ အမြန်ဆုံးသူတို့ရဲ့ လုပ်ငန်းတွေကို စတင်နိုင်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။” လက်ရှိအဖွဲ့ချုပ်က ဖွဲ့စည်းလိုက်တဲ့ ခေါင်းဆောင်တွေအနေနဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပြီး ဘုံသဘောထားတွေ ရရှိအောင် ဆွေးနွေးသွားမှာဖြစ်သလို အစိုးရသစ်ဖွဲ့စည်းရေးမှာလည်း ပါဝင်သင့်သူတွေ တင်ပြလာရင် ထည့်သွင်းစဉ်းစားသွားမယ်လို့ ဆိုပါတယ်။ “ကျနော်တို့က တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးတဲ့အခါမှာ လတ်တလော အစိုးရဖွဲ့ရေးဆိုတာထက် အနာဂတ်ပြည်ထောင်စုသစ်ရဲ့ ပုံသဏ္ဌာန်ကို ကျနော်တို့ ဘုံသဘောတူညီမှုရအောင် လုပ်တာ ဖြစ်ပါတယ်။ သို့သော် တိုင်းရင်းသား နိုင်ငံရေးပါတီတွေက ဒီပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရမှာ ပါဝင်သင့်တဲ့လူတွေ သူတို့ တင်ပြလာတယ်ဆိုရင်လည်း ဒါ ကျနော်တို့ ထည့်သွင်းစဉ်းစားရမယ်။ ပြန်လည်ညှိနှိုင်းမယ်၊ ဒါတော့ရှိပါတယ်။ တခါတည်းတော့ ပယ်ချမှာ မဟုတ်ပါဘူး ” လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲအပြီးမှာ နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမယ့် ပြည်ထောင်စုအရေးအတွက် တိုင်းရင်းသားလူမျိုးစုတွေရဲ့ ဆန္ဒတွေကို အလေးထား ဆောင်ရွက်သွားမှာဖြစ်ပြီး တိုင်းရင်းသားပါတီအတွေအနေနဲ့လည်း အဖွဲ့ချုပ်က ဖော်ဆောင်မယ့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးကို ပူးပေါင်းပါဝင်ဖို့ မျှော်လင့်ကြောင်း တိုင်းရင်းသားနိုင်ငံရေးပါတီ ၄၈ ပါတီ ဥက္ကဋ္ဌတွေကို လိပ်မူပြီး ထုတ်ပြန်ခဲ့ပါတယ်။ “တိုင်းရင်းသားတွေနဲ့ပတ်သက်လို့ ကျနော်တို့မူဝါဒက ရှင်းပါတယ်။ နိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပါ။ ဒီနေရာမှာ ကျနော်တို့ အမြဲတမ်း လွဲနေပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီလား၊ ဖက်ဒရယ်ဒီမိုကရေစီလား ဆိုပြီး ကျနော်တို့ ရည်ရွယ်တဲ့ ပြည်ထောင်စုဟာ ဒီမိုကရေစီအခွင့်အရေးတွေလည်း ရရမယ်။ ဖက်ဒရယ်အရ တန်းတူညီမျှမှု ရှိရမယ်။ ရှေ့ကရောက်တာ နောက်ကရောက်တာထက် သူ့ရဲ့ အရည်အသွေးတွေ ပြည့်စုံဖို့ ပိုအရေးကြီးတယ်လို့ ကျနော်တို့ မြင်ပါတယ်” လို့ ဆိုပါတယ်။ တိုင်းရင်းသားနိုင်ငံရေးပါတီတချို့ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမယ့် ပြည်ထောင်စုအရေးကိစ္စကို လက်ခံကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024