မိုင်းတုံမြို့ သဘာဝထုံးကျောက်ဂူကို အန္တရာယ်ရှိ တားမြစ်နယ်မြေအဖြစ် သတ်မှတ်
DVB
·
December 12, 2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင် မိုင်းတုံမြို့အထွက် မိုင်းတုံ-မိုင်းဆတ် ကားလမ်းဘေးရှိ သဘာဝ ထုံးကျောက်ဂူကို မြို့နယ်စီမံခန့်ခွဲရေးကော်မတီက အန္တရာယ်ရှိနယ်မြေအဖြစ် သတ်မှတ်ပြီး ဒီဇင်ဘာ ၁၁ ရက်မနက်ပိုင်းမှာ ဂူဝကို ပိတ်ခဲ့တယ်လို့ မိုင်းတုံမြို့မရဲစခန်းမှူးက ပြောပါတယ်။
အဲဒီကျောက်ဂူမှာ သက်နုထုံးကျောက်ဂူ အမျိုးအစားဖြစ်ပြီး အချိန်မရွေး ပြိုကျနိုင်တာကြောင့် အခုလို ပိတ်ခဲ့တာလို့ မိုင်းတုံမြို့မရဲစခန်းမှူး ဒုရဲမှူးကိုကိုဇော်က ပြောပါတယ်။
“ဒီဂူကို အဖွဲ့စုံနဲ့ လေ့လာထားပါတယ်။ ဂူမကြီး ပေအရှည်က ပေ ၃၂၀ ရှိပါတယ်။ အဲဒီဂူမကြီးကနေ ဟိုဘက်ကို ဆက်ဝင်မယ်ဆိုရင် ၈၁ ပေ ဆက်ဝင်လို့ရပါတယ်။ ဒါပေမဲ့ ဝင်ရတာ ခက်ခဲပါတယ်။ ခေါင်းငုံ့လျှိုပြီး လေးဘက်ထောက်သွားရတဲ့အခြေအနေဆိုတော့ အန္တရာယ်များပါတယ်။ ထုံးကျောက်တောင်သက်နု ဖြစ်တဲ့အတွက်လည်း အန္တရာယ်များပါတယ်။ အခု Vibration နဲ့ ကုပ်ပြီး ဖော်ထားတဲ့အနေအထားကို ကြည့်မယ်ဆိုရင် ဝင်လို့ရမယ်လို့ လူတွေက ထင်ပေမဲ့ ဒီကျောက်တွေက သက်နုကျောက်ဖြစ်လို့ Vibration အရ ပြိုကျနိုင်တယ်။ အန္တရာယ်များလို့ ကျနော်တို့ ပြန်ပိတ်သွားမှာ ဖြစ်ပါတယ်။”
အဲဒီထုံးကျောက်ဂူကို ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက မြို့အဝင်လမ်းချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်ရာမှ ပေါ်ပေါက်လာတာဖြစ်ပြီး ဒေသခံအများအပြား လာရောက်လည်ပတ်ခဲ့ကြတဲ့ နေရာတခု ဖြစ်လာပါတယ်။
သတင်း - အောင်ဇေယျ