နမ့်ခုံးရှမ်းများပရဟိတ နယ်လှည့်ဆေးကုသရေးအဖွဲ့ မိုင်းတုံမြို့တွင် အခမဲ့ကုသပေး
DVB
·
February 28, 2020
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့မှာ နမ့်ခုံးရှမ်းများ ပရဟိတအသင်း နယ်လှည့်ဆေးကုသရေးအဖွဲ့က အထွေထွေရောဂါအပါအဝင် သွားနဲ့ မျက်စိရောဂါတွေကို ၃ ရက်ကြာ အခမဲ့စမ်းသပ်ကုသပေးနေပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့ကနေ မတ်လ ၁ ရက်နေ့အထိ မိုင်းတုံမြို့ ရွှေစေတီဘုန်းကြီးကျောင်းမှာ လူမျိုးဘာသာမရွေး စမ်းသပ်ကုသမှုတွေ ဆောင်ရွက်သွားမယ်လို့ အဖွဲ့ဒုဥက္ကဋ္ဌ ဦးစိုင်းလုံက ဒီဗွီဘီကို ပြောပါတယ်။
"အဓိကရည်ရွယ်တာကတော့ ဝေးလံခေါင်ဖျား လူသူအရောက်အပေါက်နည်းတဲ့ အရပ်ဒေသနေ ပြည်သူအားလုံးကို အခမဲ့လိုက်လံ စမ်းသပ်ကုသပေးနေတာပဲဖြစ်ပါတယ်။ ရှမ်းလူမျိုးအတွက်ပဲ ရည်ရွယ်တာမဟုတ်ပါဘူး၊ လူမျိုးဘာသာမရွေး ပြည်သူအားလုံးအတွက်ဖြစ်ပါတယ်။”
အဆိုပါ နမ့်ခုံးရှမ်းများပရဟိတ နယ်လှည့်အခမဲ့ဆေးကုသရေးအဖွဲ့က အထွေထွေရောဂါ၊ သွားနဲ့ မျက်စိ မျက်မှန် စမ်းသပ်ပေးမှုတွေကို ဆရာဝန် ၂ ဦး၊ သူနာပြု ၁၀ ဦးနဲ့ ပရဟိတအသင်းဝင် ၂၇ ဦးတို့က အရေးပေါ်သူနာတင်ယာဉ်တစီးအပါအဝင်မ မော်တော်ယာဉ် ၇ စီးနဲ့ လာရောက်ကုသပေးတာဖြစ်ပြီး အခုအကြိမ်အပါအဝင် ၄၇ ကြိမ်မြောက် နယ်လှည့်ကုသမှုဆောင်ရွက်ခဲ့ပြီးပြီလို့ သိရပါတယ်။
အောင်ဇေယျ(မိုင်းတုံ)