မန္တလေးတွင် မီးသတ်ကား ၂ စီးတိုက်မိပြီး မီးသတ်သမားအချို့ ဒဏ်ရာရ
DVB
·
December 8, 2020
မန္တလေးမြို့မှာ မီးလောင်ရာနေရာကို သွားရောက်တဲ့ မီးသတ်ကား ၂ စီး အချင်းချင်း မတော်တဆ တိုက်မိမှုဖြစ်ပွားပြီး မီးသတ်သမား တချို့ထိခိုက် ဒဏ်ရာရရှိသွားပါတယ်။
ဒီဇင်ဘာ ၈ ရက်က မန္တလေးမြို့အောင်မြေသာဇံမြို့နယ် (၂၃)လမ်း (၈၂)လမ်း နဲ့ (၈၃)လမ်းကြားရှိ မီးလောင်ပြင်သို့ သွားရောက် မီးငြှိမ်းသတ်ဖို့ထွက်လာတဲ့ မီးသတ်ကား၂ စီးဟာ လမ်းကြောင်းလွဲမှုကြောင့် (၂၂) လမ်း နဲ့(၈၁)လမ်းထောင့်မှာ အချင်းချင်း တိုက်မိခဲ့တာပါ။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ကားပေါ်မှာပါတဲ့ ယာဉ်မောင်း နှစ်ဦးစလုံးနဲ့ မီးသတ်တပ်ဖွဲ့ဝင် ၈ ဦး စုစုပေါင်း ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ မန္တလေးပြည်သူ့ဆေးရုံကြီးကို တင်ပို့ခဲ့ပါတယ်။
မီးလောင်ရတာဟာ အဲယားကိုလာ အပူလွန်ကဲရာကနေ အနီးရှိမွှေ့ယာကို ကူးစက် စတင်လောင်ကျွမ်းခဲ့တာဖြစ်ကာ မီးလောင်ရှုံးဆုံးမှုတန်းဖိုး ၁၀၅,၀၀၀ ကျပ်ဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ က ထုတ်ပြန်ထားပါတယ်။
မီးလောင်မှုနဲ့ ပတ်သက်လို့ လျှပ်စစ်မီး ပေါ့ဆသုံးစွဲတဲ့ ဦးဝင်းမောင်ကို အမှုဖွင့်အရေးယူသွားမယ်လို့ သိရပါတယ် ။
သတင်း-နိုင်လင်းဦး
Photo-Myo Thiha Kyaw/MPA