Home
မြန်မာသတင်း
မဟာဗန္ဓုလပန်းခြံကဲ့သို့ အခြားပန်းခြံများလည်း ပိတ်ရနိုင်ဟု ရန်ကုန် ဒုမြို့တော်ဝန်ပြော
DVB
·
December 8, 2020
MaHaBandoola Park
ရန်ကုန်မှာ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှု မရှိဘူးဆိုရင် မဟာဗန္ဓုလပန်းခြံလိုပဲ တခြားပန်းခြံတွေနဲ့ အများပြည်သူ အပန်းဖြေနေရာတွေကိုလည်း ပိတ်ရနိုင်တယ်လို့ ရန်ကုန် ဒုမြို့တော်ဝန် ဦးစိုးလွင်က ပြောပါတယ်။ ပန်းခြံတွေဟာ လူထုအနားယူဖို့နေရာဖြစ်ပေမဲ့ စုဝေးစားသောက်တာတွေ၊ အရက်သေစာ သောက်စားတာတွေကို ဆောင်ရွက်နေကြတယ်လို့ ရန်ကုန်ဒုမြို့တော်ဝန် ဦးစိုးလွင်က ဒီဗွီဘီကို ပြောပါတယ်။ ဒါကြောင့်  ကိုဗစ်ကာလ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ စနစ်တကျ အနားယူကြဖို့ တိုက်တွန်းပါတယ်။ ရန်ကုန် ဒုမြို့တော်ဝန် ဦးစိုးလွင်က “တခြားနေရာတွေမှာ ပိတ်ဖို့၊ မပိတ်ဖို့ ဆိုတာက မဟာဗန္ဓုလပန်းခြံလို ဖြစ်လာရင် ပိတ်ရမယ်။ ကျနော်တို့က ကိုဗစ်ကို ဖြတ်ရတော့မှာ။ ဒီရောဂါပိုးကို ဖြတ်တောက်ပစ်နေတာလေ။ ဖြန့်ဖို့ပြောတာမဟုတ်ဘူး၊ ဖြတ်တောက်ပစ်ချင်လို့ ကျနော်တို့ ပိတ်သင့်ရင် ပိတ်ရလိမ့်မယ်” လို့ ပြောပါတယ်။ ဒါ့အပြင် ကိုဗစ်-၁၉ ကာကွယ်ဆေးမရခင်စပ်ကြားမှာလည်း ပြည်သူတွေအနေနဲ့ အတတ်နိုင်ဆုံးသည်းခံပြီး အိမ်ထဲမှာသာနေကြဖို့နဲ့ မဖြစ်မနေထွက်ရမယ့်ကိစ္စတွေရှိမှသာ အပြင်ကိုထွက်ကြဖို့လည်း မေတ္တာရပ်ခံပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူအားလုံးရဲ့ ၉၂ ဒသမ ၇ ရာခိုင်နှုန်းဟာ ရန်ကုန်တိုင်းကဖြစ်တာကြောင့် ရန်ကုန်တိုင်းအနေနဲ့ အထူး သတိထားဖို့လိုတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောကြားထားပါတယ်။ ရန်ကုန်တိုင်းမှာ လူဦးရေထူထပ်တာနဲ့၊ အသွားအလာများတာကြောင့် ရောဂါပြန့်ပွားတာတွေ များတဲ့အကြောင်း၊ ဒါပေမဲ့ ပြည်သူလူထုရဲ့  စည်းကမ်းလိုက်နာမှုဟာလည်း အရေးပါပြီး ပြည်သူလူထုက စည်းကမ်းလိုက်နာမှုကောင်းလေလေ၊ အခြေအနေကကောင်းမှာဖြစ်တယ်လို့ မန္တလေးတိုင်းကို ဥပမာပေးပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။ ထက်ဝေအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013